Showing posts with label ကဗျာရှည်. Show all posts
Showing posts with label ကဗျာရှည်. Show all posts


ညီမလေးရေ
မတူညီတဲ့ယူနီဖောင်း
ကွဲလွဲနေတဲ့ဘာသာဗေဒ
နေရိပ်လှုံဘဝနှစ်ခုနဲ့
အချစ်ကိုမျက်မှန်တပ်ပေးတဲ့
ခေတ်မှာ
ကိုယ်နဲ့ညီမလေး
မျက်ဝန်းထဲမှာစကားလုံးတွေ မသိမသာဝှက်ခဲ့ကြ
ခိုးကြောင် ခိုးဝှက်တူးဆွခဲ့ကြ
ထွက်လာတာအပြာရောင်တွေ
လိုနေတာလည်းအပြာရောင်တွေ

တစ်ဦးနဲ့တစ်ဦး
နိမိတ်ပုံမသုံးပဲ
တုန်နေ အောင် ချစ်ခဲ့
သင်္ကေတမပါပဲ
မှုန်နေ အောင် ချစ်ခဲ့
ကိုယ်နဲ့
ညီမ လေးရဲ့ စိတ်ကူးယဉ်လက်ထပ်စာချုပ်လေး
မျက် ရည်စိမ်ခံလိုက် ရတာလား
နတ်ဖွတ်ခံလိုက် ရတာလား

ညဥ့်ငှက်တစ်ကောင် ရဲ့အိပ်မက်လို့ 
ကိုယ်ကတိပေးခဲ့ဘူးတယ်လေ
ညီမ လေးကိုဖူးဖူးမှုတ်ထားမယ်လို့

အတိတ်ကိုလည်းမပြန်နဲ့
အနာဂတ်ကိုလည်းမကြံနဲ့တဲ့
ကိုယ်ကဟိမဝန္တာတောထဲက
ယောဂီမဟုတ်တဲ့ပုထုဇဉ်လေ
တွေးစရာမရှိရင်
ညီမ လေးအ ကြောင်းကို
ရေနူးတွေးလိုက်တယ်
လွန်ခဲ့တဲ့ငါးမိနစ် ငါးနှစ်
ဆယ်နှစ်က နေအတိတ်ထိပေါ့

ကံတရားကဆန်းကြယ်တယ်
တရုတ်စကားပန်းပင်လေးက
ပိုဆန်းကြယ်တယ် ... ညီမ လေး

သဘာဝရဲ့အလိုတော်အတိုင်း
ကြွေကျနေတဲ့ခ ရေပန်းကိုမမြတ်နိုး
တရုတ်စကားပန်းကိုဘာကြောင့်
လက်ညှိုးထိုးခဲ့သလဲ

အတွေးလည်းလိုက်မမှီ်
အမေးလည်းမကိုက်ညီအောင်
ထူးခြားထက်မြတ်လိုက်ပါဘိ
ညီမ လေးရယ်

ကိုယ်ကအညှို့ခံခဲ့ရတာပါ
ပန်းတစ်ပွင့်ကိုခုန်အခူး
ပြန်ပြုတ်ကျလာတဲ့
သွယ်လျသိမ်မွေ့
ပျော့ပျောင်းတဲ့ခန္ဓာဟာ
တအိအိရွေ့ကျလာတဲ့
တိမ်စိုင်တစ်အုပ်လို

နက်မှောင် လူးလွန့်
လှုပ် ရမ်းဖြာကျလာတဲ့
ဆံနွယ်ထွေးထွေးဟာ
နတ်မြွေတစ်ကောင် လို
ကိုယ့်ကိုမလှုပ် မ ရွေ့
မှင် သက်နေ စေရဲ့

အဲ့ဒီနေ့ပေါ့
ကိုယ့်အချစ်ဟာ
မျက်မှန်အတပ်ခံရမယ်ဆိုတာ
မသိခဲ့ဘူးလေ

လူယဉ်ကျေးမှုနောက်ခံပန်းချီကားနဲ့
လူညွန့်စားတဲ့ အသိုင်းအဝိုင်းက
နှုတ်ချိုသလောက် လက်တိုတယ်
ညီမလေး

ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင် တယ်

"ပုထုဇ္ဇနော ဥမ္မတ္တကော" တဲ့
လူတွေအားလုံးဟာ
ဗျာဒိတ်တော်ရအရူးတွေလေ
မတူညီတဲ့ဘဝ တွေကို
ရေချိန်တိုင်းပြီးရွေဘော်ထိုးချင် တဲ့
ကိုယ်ကပိုရူးတာပေါ့

အခုကြည့်...
ဒီအရပ်နဲ့ဒီဇာတ်မှာ
လက် ရည်မတူဘဲစိန်ခေါ်ခဲ့တာပါ
မှန်ကင်းတလှည့်ထင်းတလှည့်
ဖြစ်လာမလားပေါ့

မျှော်လင့်ခြင်းထမင်းတစ်ထုပ်
ကျစ်ကျစ်ပါအောင် ဆုပ်လို့

အဖြူနဲ့အဝါရောယှက်
ရနံ့ကသင်းပျံ့ပျံ့ထွက့် အစိမ်းရောင် အရွက်ဖားဖားနဲ့
တရုတ်စကားမ ပြောတတ်တဲ့
တရုတ်စကားပင်
ဆေးဖက်လည်းဝင်ပေါ့
အဲ့ဒီသစ်ပင်အောက်မှာ
ညီမ လေးကိုယ်သင်းရနံ့နဲ့
ရစ်နွယ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်

ကိုယ့်နာမည်
ပျောက်နေတာကြာပါပြီ...ညီမ လေး
အခုငပုန်းတဲ့
မလည်မရှုပ်နဲ့
လူလည်တစ်အုပ်ကတဲ့ဇာတ်လမ်းမှာ
ခွေးဟောင် သံကြားလည်းပုန်း
ဖိနပ်သံကြားလည်းပုန်း
ခရာသံကြားလည်းပုန်း
အမြဲပုန်းနေရတဲ့ဘဝ
လူရှေ့ထွက်မပြရတဲ့
ဆိတ်ငြိမ်တောကျောင်းအိုလေးထဲမှာ

ငတ်လေလေ မျှော်လေလေ
အဆက်အသွယ်ပြတ်
မိသားစုသတင်းငတ်တဲ့ဘဝ
ရေမရှိတဲ့အရပ် မစင် လူးသလိုပေါိ့
ရေဒီယိုကသတင်းထူးလာမှာလား
သတင်းစာကသတင်းထူးပါမှာလား
လားပေါင်းများစွာနဲ့မျှော်လင့်ခြင်း
ကျောင်းအိုလေးထဲမှာလတစ်စင်း
အရောင်ဖြာလာလင်းတယ်
တရုတ်စကားပင်ဘေးမှာ
လ ရောင် ဟာအားလုံးနဲ့ဆိုင်ပေမယ့်
လမင်းကိုဘယ်သူမှမပိုင်ဘူး ညီမ လေး

ဘာဖြစ်ဖြစ်
ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင်တယ်

မိဘအလုပ်အကိုင် တဲ့
အဲ့ဒီကွက်လပ်ကို ဘယ်လိုဖြည့်ရမလဲ

ရေကျချိန်ဆို
ဗောတံတားက ခြောက်ဆယ်ဒီဂရီ
နေကမွန်းတည့်တစ်နာရီ
လက်ပူ ခြေပူ ခေါင်းပူ ရင် ပူနဲ့
ပူနေတဲ့
အဖေ့ဘဝ
ဘယ်အေးမြပါ့မလဲ

အမေက
ပန်းတွေလန်းရင် သူ့မျက်နှာရွှင် တယ်
ပန်းတွေနွမ်းရင် သူ့မျက်နှာညှိုးတယ်
ကိုယ့်တရားနဲ့ကိုယ်နေတဲ့ .. အ မေ
သင်္ခါရဓမ္မက ပန်းဆန်ကောထဲမှာ

အဖြူရောင် ချစ်ခြင်းတရားနဲ့
မတူညီတဲ့ဘဝရိုက်ခတ်မှုရလဒ်
နာကျင် မှုပန်းတွေပွင့်တယ်
ညီမ လေး

ညီမ လေးကြိုက်တဲ့
အနီရောင် နှင်းဆီပွင့်တွေက
အ မေ့ဦးခေါင်းထက်က
ပန်းဆန်ကောထဲမှာလေ
ကိုယ့်နှလုံးသွေးဟာ
နှင်းဆီပွင့်မြင် တိုင်းပွက်ပွက်ဆူလို့

ရိုးသားယဉ်ကျေးခဲ့ကြပါတယ်
လူ့အခွင့်အ ရေးမသိသူတွေ
အလုပ်သမားဥပ ဒေနားမလည်သူတွေ
ဒီမိုက ရေစီအ ကြောင်းမ လေ့လာသူတွေ
ခရိုနီဆိုတာ လူလားတဲ့

ညီမ လေးဘဝက
စနစ်ဟောင်းပေမယ့်
ခေတ်ကောင်းကိုမှီခဲ့တယ်လေ
မြန်မာငွေ ဂဏန်းခုနှစ်လုံးတန် လက်ကိုင်ဖုန်း
ဂဏန်းကိုးလုံးတန်တဲ့ ဇိမ်ခံကားကြီးနဲ့
ကြယ်ပွင့်တွေကိုပခုံးပေါ်တင်ထားနိုင်တဲ့
အဖေတစ်ယောက်လည်း ရှိရဲ့

ညီမ လေးတို့မိသားစုကမ္ဗည်းနဲ့
ရွှေ ချထားတဲ့ဘုရားဘေးက
အုတ်ခဲကျိုးပုံထဲမှာ
ကိုယ်တို့ဘဝ တွေရှိတယ်

မျက်စိမှိတ်
နားပိတ်နေလိုက်ပါ...ညီမလေး
နှစ်ပေါင်းငါးဆယ်ကျော်
မွန်းကြပ်ငတ်မွတ်ဆာလောင်ခဲ့သူတွေ
လွတ်လပ်စွာပေါက်ကွဲပါစေ

ညီမလေးရေ
လူအချို့က ရိုးသလောက်ယဉ်တယ်
လူအချို့က ဆန်းသလောက်ကျယ်တယ်
ကိုယ်က
ကဗျာလိုလို
နိုင်ငံရေးလိုလို
တရားပဲထိုင် ရမလိုလို
ဓားပဲကိုင် ရမလိုလိုနဲ့
ဒုက္ခကလွဲပြီးဘာမှမပိုတဲ့ကောင်
ဘာထရန် ရပ်ဆဲလ်ထက်
အာရစ္စတိုတယ်ထက်
ဦးနှောက်နည်းနည်းငယ်တဲ့
တွယ်ရာမဲ့ အတွေးသမား

ရေကြည်ရာ မြက်ပေါက်စေချင် သူ

လေးနက်တယ် နက် ရှိုင်းတယ်
သိမ်မွေ့တယ် ကျယ်ပြန်တယ် ဆိုတဲ့
ကြိယာပုဒ်တွေကို မီးခွက်ထွန်းရှာဖွေသူ
ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်တာလေ
ခေတ်ကိုလည်းအပြစ်မတင်
လူကိုလည်းအပြစ်မမြင် တဲ့နေ့
သစ်ပင်တွေစိုက်ပြီး ချိုးဖြူတွေလွှတ်မယ်
ညီမလေးက
မီးခိုးရောင်ကောင်းကင်ကြီးကို
အပြာရောင် ချယ်လေ
ခေါင်းစဉ်က "Save The World" ပေါ့

အချစ်နဲ့စစ်မှာ
တရားဥပဒေမစိုးမိုးဘူး
ညီမ လေး
အဘိဓမ္မာနည်း
အချစ်က လောဘ
စစ်က ဒေါသတဲ့
ချိုကုတ်တဲ့ကျွဲကအတ္တပိုကြီးတယ်
မြေစာပင် တွေက သောကတွင်းထဲမှာ
ရွက်ဖျင် တဲထိုးလို့

နားထဲမှာပဲ့တင် ထပ်နေတဲ့
ညီမ လေးအသိုင်းအဝိုင်းထဲက စကား ကဗျာတစ်ပုဒ်ကရတဲ့စာမူခ
လူတစ်ယောက်ဘဝကို
ပြောင်ပြောင်မြောက်မြောက်
ထုဆစ်ပေးနိုင် ပါသလားတဲ့

ညီမလေးရေ
လူအချို့ကလူအချို့ကို
ငွေကြည့်ကြည့်တယ်
လူအချို့ကလူအချို့ကို
အနုပညာ ကြည့်ကြည့်တယ်
အခုခေတ်က
ကျောက်ခေတ်လည်းမဟုတ်သလို
ငွေဝယ်ကျွန်စနစ်လည်းမရှိဘူး ညီမ လေး

ကိုယ့်ရေးတဲ့ကဗျာတစ်ပုဒ်ဟာ
ယိုင် နဲ့နေတဲ့ ဥပဒေကိုလည်း
ပြန်ပြီးတည့်မတ်နိုင်သလို
စစ်ပွဲတစ်ပွဲရဲ့ဆိုးကျိုးကိုလည်း
ကြိုတင် ခန့်မှန်းနိုင်တယ်
အရင်းရှင် စနစ်ကို ပပျောက်စေသလို
အာဏာရှင် စနစ်ကိုလည်း
ပျက်သုန်းစေနိုင် တယ်...ညီမ လေး

အချို့က ငွေကို
ဒုတိယဘုရားသခင် တဲ့
ဓမ္မနဲ့ငွေ
နေရာချင်းလဲလည်မှုမှာ
ဘယ်သူဟာတရားခံလဲ
ဆုံးဖြတ်ချက်မမှန်တဲ့တရားစီရင်ရေးဟာ
ဟိရီသြတ္တပ္ပကို ရှာဖွေဆဲလား
ကိုယ်က တော့
ဒုတိယရတနာနေရာမှာ
ငွေကိုအစားထိုးမကိုးကွယ်ဘူး..ညီမ လေး

သက်မဲ့တိရစ္ဆာန်တွေ
ကိုက်ဖဲ့စားသောက်ခံနေရတဲ့
တိုင်းပြည်လေး
ဒဏ္ဍာရီပုံပြင် တစ်ပုဒ် ရဲ့
အပြင် ဘက်မှာရှိနေရဲ့

ကိုယ်က...
ခေါင်းမာတယ်
ရင်ဘတ်နက်တယ်
အသည်းနုတယ်
အငြင်းသန်တယ်
ကိုယ်...
လိပ်ပြာသန့်ချင်တယ်
သိက္ခာခန့်ချင်တယ်

ဘာပဲဖြစ်ဖြစ်
ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင်တယ်

ဂုဏ်နဲ့ဂုဏေးထပ်တူကျ / မကျ
ဘယ်ပေတံနဲ့တိုင်းမှာလဲ
ညီမလေး
ရေစက်ချပွဲနေ့ပေါ့
အဲ့ဒီနေ့က...
နှစ်သိန်းလေးသောင်းအထုရှိတဲ့
မြေပြင်ကြီးပဲတုန်မှာလား
ကမ္ဘာကြီးကလှုပ်ခါသွားမှာလား
ရွာသားတွေက
ထိတ်ထိတ်လန့်လန့်နဲ့
သာဓုတွေခေါ်လို့

ညီမလေးရေ
တရားရှိတဲ့လူရှိသလို
အမှားသိတဲ့လူလည်းရှိတယ်လေ
အမှားကရတဲ့အသိက
တရားကရတဲ့အသိထက်
ပိုခိုင်သတဲ့

မှားခဲ့ပါတယ်
မှားခဲ့ကြပါတယ်
မှားခဲ့မှားခဲ့ကြပါတယ်
အပြောင်းအလဲတစ်ခုကိုရှာရင်း
အောင်မြင် မှုမရခဲ့တဲ့
သင် ခန်းစာစာအုပ်ထဲက
နောင်တအလူးလူးနဲ့လူတွေ
ညီမ လေးတို့မိသားစု
ရေစက်ချပွဲအပြီး
တောရ ကျောင်းအိုလေးထဲက
ပြန်အထွက်
ကိုယ်က
တရုတ်စကားပင်ဘေးမှာ
မှင် သက်ငေးမောလို့ . . .

ညီမလေး လက်အပြ
ဖြာထွက်လာတဲ့စိန်လက်စွပ်
အ ရောင် ထက်
ညီမ လေးအသိုင်းအဝိုင်းရဲ့
ဝိညာဉ်မဲ့ခန္ဓာလို
အေးစက်စက်အပြုံးထက်
ညီမလေးတို့
ဇိမ်ခံကားကြီးရဲ့ အရောင်ထက်
ဘေးထွက်သွားတဲ့အတွေးတွေက
ကိုယ်တို့..
ရှင်သန်ရာ ရပ်ကွက်လေးဆီ

မိဘမဲ့ ကလေးကျောင်းကဆရာမ
လခက ပညာဒါန
ယိုင်နဲ့နဲ့ရပ်ကွက်ရုံးဘေးက
မလုံမလဲထရံကာကျောင်းလေးထဲမှာ
ကိုယ့်အစ်မရှိတယ်

ညီငယ်က
ငွေခုနှစ်ထောင်နဲ့
ဖြားယောင်းသွေးဆောင်ခံလိုက်ရတဲ့
ကလေးစစ်သား
အခုတော့
ဘုန်းကြီးကျောင်းသား ဆွမ်းကျန် ကွမ်းကျန် စားပေါ့

ညီမလေးရေ
ကိုယ်တို့ရပ်ကွက်လေးက
ရှာရှာဖွေဖွေချစ်တတ်ရင်
ချစ်စရာကောင်းတယ်...

ဘွဲ့ရပညာတတ်ရှိတယ်
ဘွဲ့ရပညာမဲ့ရှိတယ်
ဘွဲ့မရပညာရှိရှိတယ်
အရက်ဆိုင် ရှိတယ်
ဆယ်အိမ်ခေါင်းရှိတယ်
အလုပ်လက်မဲ့ရှိတယ်
ချဲဒိုင်ရှိတယ်
လူလည်ရှိတယ်
လူလိမ်ရှိတယ်
ရဲရှိတယ်
ဓမ္မာရုံနဲ့စာကြည့်တိုက်ကလွဲရင်
အကုန်လုံးရှိတယ်

အိမ်တိုင်းလိုလို
ဘွဲ့ရဓာတ်ပုံတွေအပြိုင်အဆိုင်ချိတ်လို့
နွေအခါဖုန်ရောက်
မိုးအခါဗွက်ပေါက်တဲ့
လမ်းမကောင်းတဲ့ရပ်ကွက်လေး

ညီမလေးရေ
မြေက မြေ ဈေးမကစားတတ်ဘူး
ညီမ လေးတို့နေတဲ့မြေကွက်
ကိုယ်တို့တစ်ရပ်ကွက် တန်ဖိုးလောက်
ဈေးပေါက်သတဲ့

မြို့သစ်တည်စီမံကိန်းစနစ်
ခရိုနီနဲ့အာဏာရှင် သူဌေးဖြစ်ပေါ့
ခွဲတမ်းမချဘဲခွဲတမ်းရ နေတဲ့မြေကွက်
နေပြည်တော်မှာတစ်ကွက်
ရတနာပုံမှာတစ်ကွက်
ဒဂုံမှာတစ်ကွက်
ဟိုနားတစ်ကွက်
ဒီနားတစ်ကွက်နဲ့
လယ်သိမ်းခံတောင် သူတွေ
ဆင်းရဲတွင်းနက်ခဲ့ပေါ့
မိသားစုကမွဲတယ်
ရပ်ကွက်လေးကဆင်းရဲတယ်
တိုင်းပြည်ကမချမ်းသာဘူး

သယံဇာတဆိုတာ
လူလုပ်လို့မရတဲ့
သဘာဝတရားရဲ့လက်ဆောင်လေ
ဘုံပိုင် ပစ္စည်းတစ်မျိုးပေါ့
အခုတော့
စ ကေးချုံ့ဆွဲထားတဲ့
တင့်လှပေဟန်မြေပုံတစ်ချပ်ဟာ
မင်းလက်ဝါးလို
လက်ဝါးကြီးမျိုးနွယ်တစ်စုရဲ့
အုပ်မိုးမှုအောက်မှာ
နေရောင်အလာကို စောင့်မျှော်လို့

ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုး ငြိမ်းချမ်းတိုးတက်ပါစေဆိုတဲ့ဆုတောင်း
ဘယ်မင်းလောင်းတက်မှပြည့်မှာလဲ

ကိုယ်ကလည်းဘယ်တော့မှ
သူဌေးမဖြစ်ချင်တဲ့ကောင်
ပညာရှိယောင်က မဆောင်တတ်
ကျက်ပြန်စနစ်နဲ့
အောင် ခဲ့တဲ့အထက်တန်း
တက္ကသိုလ်ကအဝေးကျင်ပညာရေး
လူတောတိုးနိုင်ရေးအတွက်
အားမပေးချင်လည်းအားပေးပေါ့

သင်္ခါရတရားက
မျက်လှည့်ဆရာဟန်နဲ့
ဗုံခေါက်အော်တယ်
အခွံတွေပါ
အနှစ်မဲ့အခွံတွေပါ
ဌာန တွေလည်းအခွံတွေပါ
ဌာနီတွေလည်းအခွံတွေပါ
အခွံတွေပါ အခွံတွေပါနဲ့
အခွံတွေဟာ
အခွံဈေးကွက်မှာ
အခွံရောင်းလိုဝယ်လိုအားသွက်လို့

ညီမ လေးက
ကံကောင်းပါတယ်
အထက်တန်းတက်တော့
ပရိုက်ဗေ့ထ်စကူးလ်
ဒီဂရီရ တော့ဥရောပ
ပီအိခ်ျဒီယူတော့အမေရိက
ပညာရေးဝန်ကြီးတူမ
ဒီလောက် ကံအကြောင်းမလှရင်
ရာဇဝင် သိက္ခာကျမပေါ့

ညီမလေးရေ
ဗြဟ္မာမှာဘဝရှိသလို
နတ်မှာလည်းဘဝရှိတယ်
နတ်မှာဘဝရှိသလို
လူမှာလည်းဘဝရှိတယ်
ဘဝ တွေတူပေမယ့်
ကွဲပြားနေကြတာလည်း..လူတွေ
ခွဲခြားခံနေရတာလည်း..လူတွေ

ဝေဝါးသွားပါပြီ
ပုံရိပ်တွေဝေဝါးသွားပါပြီ
မြင်နေတဲ့မျက်လုံးတွေပြာလာတယ်
ရပ်ကြည့်နေရတဲ့ခြေ ထောက်တွေ
ထုံလာတယ့် အ တွေးတွေကကာလသုံးပါးထဲ
စိမ့်ဝင် နေတယ်
ပုံသေကားချပ်ထဲမှာဘောင် ခတ်ခံရတဲ့
လူတွေကို ကဗျာတစ်ပုဒ်နဲ့
ဆွဲထုတ်လိုက်တယ်

မတွေ့နိုင် တဲ့ဆုံမှတ်ကိုရှာဖို့
ပုလင်းဖုံးတစ်ခုဖွင့်ပြီး
ရင် မခုန်ချင်တော့ဘူး..
ကိုယ်တို့
ဆွဲလက်စမျဉ်းကို
ဆက်ဆွဲကြမယ် ... ညီမ လေး
ဘဝအဆုံးထိ
ကမ္ဘာအဆုံးထိ
သံသရာအဆုံးထိ

ညီမလေးကိုချစ်တယ်
ညီမလေးကို ဖူးဖူးမှုတ်ထားချင်တယ်

ညီမ လေးရေ
.....................
.....................
ဆိုတာ ဆန္ဒ
ဖြစ်နေတာ ဘ၀နဲ့
ပြည်သူမမုန်းတဲ့ ငပုန်း
ရင်လှိုင်းခတ်သံ တဝုန်းဝုန်းနဲ့..ငပုန်း
ကိုယ့်နာမည်ကိုယ်ပြန် ရှာနေတဲ့ ..ငပုန်း..
အခုတော့ ...
တောရ ကျောင်းအိုလေးထဲမှာ
အဆုံးမသတ်နိုင်သေးတဲ့
ကဗျာတစ်ပုဒ်ကို
အကြိမ်ကြိမ်ဖတ်ရင်း
မပြီးဆုံးသေးတဲ့စီးချင်းကို
ဆက်ထိုးနေလေရဲ့
.........................
ဆက်ထိုးနေလေရဲ့ . . . ။


မောင်ခန့်မြေ (ထီလာ

picoodle.com

အလွမ်းသင့်စကားလုံးလေးများ

ကဗျာနှင့်အိပ်မက်ထဲလမ်းလျှောက်ကျင့်တဲ့ကျွန်တော်ကအိပ်မက်ထဲလမ်းလျှောက်ကျင့်ဖို့ကဗျာနှင့်အတူကြိုဆိုပါတယ်။အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့်ခမ်းနားတောက်ပတဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ..။

About Me

My Photo
Mg Khant Myay (Htila)
View my complete profile

Followers

အလွမ်းသင့်ရှိုက်သံ

Myanmar Calendar





Pages

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "