ညီမလေးရေ
မတူညီတဲ့ယူနီဖောင်း
ကွဲလွဲနေတဲ့ဘာသာဗေဒ
နေရိပ်လှုံဘဝနှစ်ခုနဲ့
အချစ်ကိုမျက်မှန်တပ်ပေးတဲ့
ခေတ်မှာ
ကိုယ်နဲ့ညီမလေး
မျက်ဝန်းထဲမှာစကားလုံးတွေ မသိမသာဝှက်ခဲ့ကြ
ခိုးကြောင် ခိုးဝှက်တူးဆွခဲ့ကြ
ထွက်လာတာအပြာရောင်တွေ
လိုနေတာလည်းအပြာရောင်တွေ

တစ်ဦးနဲ့တစ်ဦး
နိမိတ်ပုံမသုံးပဲ
တုန်နေ အောင် ချစ်ခဲ့
သင်္ကေတမပါပဲ
မှုန်နေ အောင် ချစ်ခဲ့
ကိုယ်နဲ့
ညီမ လေးရဲ့ စိတ်ကူးယဉ်လက်ထပ်စာချုပ်လေး
မျက် ရည်စိမ်ခံလိုက် ရတာလား
နတ်ဖွတ်ခံလိုက် ရတာလား

ညဥ့်ငှက်တစ်ကောင် ရဲ့အိပ်မက်လို့ 
ကိုယ်ကတိပေးခဲ့ဘူးတယ်လေ
ညီမ လေးကိုဖူးဖူးမှုတ်ထားမယ်လို့

အတိတ်ကိုလည်းမပြန်နဲ့
အနာဂတ်ကိုလည်းမကြံနဲ့တဲ့
ကိုယ်ကဟိမဝန္တာတောထဲက
ယောဂီမဟုတ်တဲ့ပုထုဇဉ်လေ
တွေးစရာမရှိရင်
ညီမ လေးအ ကြောင်းကို
ရေနူးတွေးလိုက်တယ်
လွန်ခဲ့တဲ့ငါးမိနစ် ငါးနှစ်
ဆယ်နှစ်က နေအတိတ်ထိပေါ့

ကံတရားကဆန်းကြယ်တယ်
တရုတ်စကားပန်းပင်လေးက
ပိုဆန်းကြယ်တယ် ... ညီမ လေး

သဘာဝရဲ့အလိုတော်အတိုင်း
ကြွေကျနေတဲ့ခ ရေပန်းကိုမမြတ်နိုး
တရုတ်စကားပန်းကိုဘာကြောင့်
လက်ညှိုးထိုးခဲ့သလဲ

အတွေးလည်းလိုက်မမှီ်
အမေးလည်းမကိုက်ညီအောင်
ထူးခြားထက်မြတ်လိုက်ပါဘိ
ညီမ လေးရယ်

ကိုယ်ကအညှို့ခံခဲ့ရတာပါ
ပန်းတစ်ပွင့်ကိုခုန်အခူး
ပြန်ပြုတ်ကျလာတဲ့
သွယ်လျသိမ်မွေ့
ပျော့ပျောင်းတဲ့ခန္ဓာဟာ
တအိအိရွေ့ကျလာတဲ့
တိမ်စိုင်တစ်အုပ်လို

နက်မှောင် လူးလွန့်
လှုပ် ရမ်းဖြာကျလာတဲ့
ဆံနွယ်ထွေးထွေးဟာ
နတ်မြွေတစ်ကောင် လို
ကိုယ့်ကိုမလှုပ် မ ရွေ့
မှင် သက်နေ စေရဲ့

အဲ့ဒီနေ့ပေါ့
ကိုယ့်အချစ်ဟာ
မျက်မှန်အတပ်ခံရမယ်ဆိုတာ
မသိခဲ့ဘူးလေ

လူယဉ်ကျေးမှုနောက်ခံပန်းချီကားနဲ့
လူညွန့်စားတဲ့ အသိုင်းအဝိုင်းက
နှုတ်ချိုသလောက် လက်တိုတယ်
ညီမလေး

ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင် တယ်

"ပုထုဇ္ဇနော ဥမ္မတ္တကော" တဲ့
လူတွေအားလုံးဟာ
ဗျာဒိတ်တော်ရအရူးတွေလေ
မတူညီတဲ့ဘဝ တွေကို
ရေချိန်တိုင်းပြီးရွေဘော်ထိုးချင် တဲ့
ကိုယ်ကပိုရူးတာပေါ့

အခုကြည့်...
ဒီအရပ်နဲ့ဒီဇာတ်မှာ
လက် ရည်မတူဘဲစိန်ခေါ်ခဲ့တာပါ
မှန်ကင်းတလှည့်ထင်းတလှည့်
ဖြစ်လာမလားပေါ့

မျှော်လင့်ခြင်းထမင်းတစ်ထုပ်
ကျစ်ကျစ်ပါအောင် ဆုပ်လို့

အဖြူနဲ့အဝါရောယှက်
ရနံ့ကသင်းပျံ့ပျံ့ထွက့် အစိမ်းရောင် အရွက်ဖားဖားနဲ့
တရုတ်စကားမ ပြောတတ်တဲ့
တရုတ်စကားပင်
ဆေးဖက်လည်းဝင်ပေါ့
အဲ့ဒီသစ်ပင်အောက်မှာ
ညီမ လေးကိုယ်သင်းရနံ့နဲ့
ရစ်နွယ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်

ကိုယ့်နာမည်
ပျောက်နေတာကြာပါပြီ...ညီမ လေး
အခုငပုန်းတဲ့
မလည်မရှုပ်နဲ့
လူလည်တစ်အုပ်ကတဲ့ဇာတ်လမ်းမှာ
ခွေးဟောင် သံကြားလည်းပုန်း
ဖိနပ်သံကြားလည်းပုန်း
ခရာသံကြားလည်းပုန်း
အမြဲပုန်းနေရတဲ့ဘဝ
လူရှေ့ထွက်မပြရတဲ့
ဆိတ်ငြိမ်တောကျောင်းအိုလေးထဲမှာ

ငတ်လေလေ မျှော်လေလေ
အဆက်အသွယ်ပြတ်
မိသားစုသတင်းငတ်တဲ့ဘဝ
ရေမရှိတဲ့အရပ် မစင် လူးသလိုပေါိ့
ရေဒီယိုကသတင်းထူးလာမှာလား
သတင်းစာကသတင်းထူးပါမှာလား
လားပေါင်းများစွာနဲ့မျှော်လင့်ခြင်း
ကျောင်းအိုလေးထဲမှာလတစ်စင်း
အရောင်ဖြာလာလင်းတယ်
တရုတ်စကားပင်ဘေးမှာ
လ ရောင် ဟာအားလုံးနဲ့ဆိုင်ပေမယ့်
လမင်းကိုဘယ်သူမှမပိုင်ဘူး ညီမ လေး

ဘာဖြစ်ဖြစ်
ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင်တယ်

မိဘအလုပ်အကိုင် တဲ့
အဲ့ဒီကွက်လပ်ကို ဘယ်လိုဖြည့်ရမလဲ

ရေကျချိန်ဆို
ဗောတံတားက ခြောက်ဆယ်ဒီဂရီ
နေကမွန်းတည့်တစ်နာရီ
လက်ပူ ခြေပူ ခေါင်းပူ ရင် ပူနဲ့
ပူနေတဲ့
အဖေ့ဘဝ
ဘယ်အေးမြပါ့မလဲ

အမေက
ပန်းတွေလန်းရင် သူ့မျက်နှာရွှင် တယ်
ပန်းတွေနွမ်းရင် သူ့မျက်နှာညှိုးတယ်
ကိုယ့်တရားနဲ့ကိုယ်နေတဲ့ .. အ မေ
သင်္ခါရဓမ္မက ပန်းဆန်ကောထဲမှာ

အဖြူရောင် ချစ်ခြင်းတရားနဲ့
မတူညီတဲ့ဘဝရိုက်ခတ်မှုရလဒ်
နာကျင် မှုပန်းတွေပွင့်တယ်
ညီမ လေး

ညီမ လေးကြိုက်တဲ့
အနီရောင် နှင်းဆီပွင့်တွေက
အ မေ့ဦးခေါင်းထက်က
ပန်းဆန်ကောထဲမှာလေ
ကိုယ့်နှလုံးသွေးဟာ
နှင်းဆီပွင့်မြင် တိုင်းပွက်ပွက်ဆူလို့

ရိုးသားယဉ်ကျေးခဲ့ကြပါတယ်
လူ့အခွင့်အ ရေးမသိသူတွေ
အလုပ်သမားဥပ ဒေနားမလည်သူတွေ
ဒီမိုက ရေစီအ ကြောင်းမ လေ့လာသူတွေ
ခရိုနီဆိုတာ လူလားတဲ့

ညီမ လေးဘဝက
စနစ်ဟောင်းပေမယ့်
ခေတ်ကောင်းကိုမှီခဲ့တယ်လေ
မြန်မာငွေ ဂဏန်းခုနှစ်လုံးတန် လက်ကိုင်ဖုန်း
ဂဏန်းကိုးလုံးတန်တဲ့ ဇိမ်ခံကားကြီးနဲ့
ကြယ်ပွင့်တွေကိုပခုံးပေါ်တင်ထားနိုင်တဲ့
အဖေတစ်ယောက်လည်း ရှိရဲ့

ညီမ လေးတို့မိသားစုကမ္ဗည်းနဲ့
ရွှေ ချထားတဲ့ဘုရားဘေးက
အုတ်ခဲကျိုးပုံထဲမှာ
ကိုယ်တို့ဘဝ တွေရှိတယ်

မျက်စိမှိတ်
နားပိတ်နေလိုက်ပါ...ညီမလေး
နှစ်ပေါင်းငါးဆယ်ကျော်
မွန်းကြပ်ငတ်မွတ်ဆာလောင်ခဲ့သူတွေ
လွတ်လပ်စွာပေါက်ကွဲပါစေ

ညီမလေးရေ
လူအချို့က ရိုးသလောက်ယဉ်တယ်
လူအချို့က ဆန်းသလောက်ကျယ်တယ်
ကိုယ်က
ကဗျာလိုလို
နိုင်ငံရေးလိုလို
တရားပဲထိုင် ရမလိုလို
ဓားပဲကိုင် ရမလိုလိုနဲ့
ဒုက္ခကလွဲပြီးဘာမှမပိုတဲ့ကောင်
ဘာထရန် ရပ်ဆဲလ်ထက်
အာရစ္စတိုတယ်ထက်
ဦးနှောက်နည်းနည်းငယ်တဲ့
တွယ်ရာမဲ့ အတွေးသမား

ရေကြည်ရာ မြက်ပေါက်စေချင် သူ

လေးနက်တယ် နက် ရှိုင်းတယ်
သိမ်မွေ့တယ် ကျယ်ပြန်တယ် ဆိုတဲ့
ကြိယာပုဒ်တွေကို မီးခွက်ထွန်းရှာဖွေသူ
ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်တာလေ
ခေတ်ကိုလည်းအပြစ်မတင်
လူကိုလည်းအပြစ်မမြင် တဲ့နေ့
သစ်ပင်တွေစိုက်ပြီး ချိုးဖြူတွေလွှတ်မယ်
ညီမလေးက
မီးခိုးရောင်ကောင်းကင်ကြီးကို
အပြာရောင် ချယ်လေ
ခေါင်းစဉ်က "Save The World" ပေါ့

အချစ်နဲ့စစ်မှာ
တရားဥပဒေမစိုးမိုးဘူး
ညီမ လေး
အဘိဓမ္မာနည်း
အချစ်က လောဘ
စစ်က ဒေါသတဲ့
ချိုကုတ်တဲ့ကျွဲကအတ္တပိုကြီးတယ်
မြေစာပင် တွေက သောကတွင်းထဲမှာ
ရွက်ဖျင် တဲထိုးလို့

နားထဲမှာပဲ့တင် ထပ်နေတဲ့
ညီမ လေးအသိုင်းအဝိုင်းထဲက စကား ကဗျာတစ်ပုဒ်ကရတဲ့စာမူခ
လူတစ်ယောက်ဘဝကို
ပြောင်ပြောင်မြောက်မြောက်
ထုဆစ်ပေးနိုင် ပါသလားတဲ့

ညီမလေးရေ
လူအချို့ကလူအချို့ကို
ငွေကြည့်ကြည့်တယ်
လူအချို့ကလူအချို့ကို
အနုပညာ ကြည့်ကြည့်တယ်
အခုခေတ်က
ကျောက်ခေတ်လည်းမဟုတ်သလို
ငွေဝယ်ကျွန်စနစ်လည်းမရှိဘူး ညီမ လေး

ကိုယ့်ရေးတဲ့ကဗျာတစ်ပုဒ်ဟာ
ယိုင် နဲ့နေတဲ့ ဥပဒေကိုလည်း
ပြန်ပြီးတည့်မတ်နိုင်သလို
စစ်ပွဲတစ်ပွဲရဲ့ဆိုးကျိုးကိုလည်း
ကြိုတင် ခန့်မှန်းနိုင်တယ်
အရင်းရှင် စနစ်ကို ပပျောက်စေသလို
အာဏာရှင် စနစ်ကိုလည်း
ပျက်သုန်းစေနိုင် တယ်...ညီမ လေး

အချို့က ငွေကို
ဒုတိယဘုရားသခင် တဲ့
ဓမ္မနဲ့ငွေ
နေရာချင်းလဲလည်မှုမှာ
ဘယ်သူဟာတရားခံလဲ
ဆုံးဖြတ်ချက်မမှန်တဲ့တရားစီရင်ရေးဟာ
ဟိရီသြတ္တပ္ပကို ရှာဖွေဆဲလား
ကိုယ်က တော့
ဒုတိယရတနာနေရာမှာ
ငွေကိုအစားထိုးမကိုးကွယ်ဘူး..ညီမ လေး

သက်မဲ့တိရစ္ဆာန်တွေ
ကိုက်ဖဲ့စားသောက်ခံနေရတဲ့
တိုင်းပြည်လေး
ဒဏ္ဍာရီပုံပြင် တစ်ပုဒ် ရဲ့
အပြင် ဘက်မှာရှိနေရဲ့

ကိုယ်က...
ခေါင်းမာတယ်
ရင်ဘတ်နက်တယ်
အသည်းနုတယ်
အငြင်းသန်တယ်
ကိုယ်...
လိပ်ပြာသန့်ချင်တယ်
သိက္ခာခန့်ချင်တယ်

ဘာပဲဖြစ်ဖြစ်
ညီမ လေးကိုချစ်တယ်
ညီမ လေးကိုဖူးဖူးမှုတ်ထားချင်တယ်

ဂုဏ်နဲ့ဂုဏေးထပ်တူကျ / မကျ
ဘယ်ပေတံနဲ့တိုင်းမှာလဲ
ညီမလေး
ရေစက်ချပွဲနေ့ပေါ့
အဲ့ဒီနေ့က...
နှစ်သိန်းလေးသောင်းအထုရှိတဲ့
မြေပြင်ကြီးပဲတုန်မှာလား
ကမ္ဘာကြီးကလှုပ်ခါသွားမှာလား
ရွာသားတွေက
ထိတ်ထိတ်လန့်လန့်နဲ့
သာဓုတွေခေါ်လို့

ညီမလေးရေ
တရားရှိတဲ့လူရှိသလို
အမှားသိတဲ့လူလည်းရှိတယ်လေ
အမှားကရတဲ့အသိက
တရားကရတဲ့အသိထက်
ပိုခိုင်သတဲ့

မှားခဲ့ပါတယ်
မှားခဲ့ကြပါတယ်
မှားခဲ့မှားခဲ့ကြပါတယ်
အပြောင်းအလဲတစ်ခုကိုရှာရင်း
အောင်မြင် မှုမရခဲ့တဲ့
သင် ခန်းစာစာအုပ်ထဲက
နောင်တအလူးလူးနဲ့လူတွေ
ညီမ လေးတို့မိသားစု
ရေစက်ချပွဲအပြီး
တောရ ကျောင်းအိုလေးထဲက
ပြန်အထွက်
ကိုယ်က
တရုတ်စကားပင်ဘေးမှာ
မှင် သက်ငေးမောလို့ . . .

ညီမလေး လက်အပြ
ဖြာထွက်လာတဲ့စိန်လက်စွပ်
အ ရောင် ထက်
ညီမ လေးအသိုင်းအဝိုင်းရဲ့
ဝိညာဉ်မဲ့ခန္ဓာလို
အေးစက်စက်အပြုံးထက်
ညီမလေးတို့
ဇိမ်ခံကားကြီးရဲ့ အရောင်ထက်
ဘေးထွက်သွားတဲ့အတွေးတွေက
ကိုယ်တို့..
ရှင်သန်ရာ ရပ်ကွက်လေးဆီ

မိဘမဲ့ ကလေးကျောင်းကဆရာမ
လခက ပညာဒါန
ယိုင်နဲ့နဲ့ရပ်ကွက်ရုံးဘေးက
မလုံမလဲထရံကာကျောင်းလေးထဲမှာ
ကိုယ့်အစ်မရှိတယ်

ညီငယ်က
ငွေခုနှစ်ထောင်နဲ့
ဖြားယောင်းသွေးဆောင်ခံလိုက်ရတဲ့
ကလေးစစ်သား
အခုတော့
ဘုန်းကြီးကျောင်းသား ဆွမ်းကျန် ကွမ်းကျန် စားပေါ့

ညီမလေးရေ
ကိုယ်တို့ရပ်ကွက်လေးက
ရှာရှာဖွေဖွေချစ်တတ်ရင်
ချစ်စရာကောင်းတယ်...

ဘွဲ့ရပညာတတ်ရှိတယ်
ဘွဲ့ရပညာမဲ့ရှိတယ်
ဘွဲ့မရပညာရှိရှိတယ်
အရက်ဆိုင် ရှိတယ်
ဆယ်အိမ်ခေါင်းရှိတယ်
အလုပ်လက်မဲ့ရှိတယ်
ချဲဒိုင်ရှိတယ်
လူလည်ရှိတယ်
လူလိမ်ရှိတယ်
ရဲရှိတယ်
ဓမ္မာရုံနဲ့စာကြည့်တိုက်ကလွဲရင်
အကုန်လုံးရှိတယ်

အိမ်တိုင်းလိုလို
ဘွဲ့ရဓာတ်ပုံတွေအပြိုင်အဆိုင်ချိတ်လို့
နွေအခါဖုန်ရောက်
မိုးအခါဗွက်ပေါက်တဲ့
လမ်းမကောင်းတဲ့ရပ်ကွက်လေး

ညီမလေးရေ
မြေက မြေ ဈေးမကစားတတ်ဘူး
ညီမ လေးတို့နေတဲ့မြေကွက်
ကိုယ်တို့တစ်ရပ်ကွက် တန်ဖိုးလောက်
ဈေးပေါက်သတဲ့

မြို့သစ်တည်စီမံကိန်းစနစ်
ခရိုနီနဲ့အာဏာရှင် သူဌေးဖြစ်ပေါ့
ခွဲတမ်းမချဘဲခွဲတမ်းရ နေတဲ့မြေကွက်
နေပြည်တော်မှာတစ်ကွက်
ရတနာပုံမှာတစ်ကွက်
ဒဂုံမှာတစ်ကွက်
ဟိုနားတစ်ကွက်
ဒီနားတစ်ကွက်နဲ့
လယ်သိမ်းခံတောင် သူတွေ
ဆင်းရဲတွင်းနက်ခဲ့ပေါ့
မိသားစုကမွဲတယ်
ရပ်ကွက်လေးကဆင်းရဲတယ်
တိုင်းပြည်ကမချမ်းသာဘူး

သယံဇာတဆိုတာ
လူလုပ်လို့မရတဲ့
သဘာဝတရားရဲ့လက်ဆောင်လေ
ဘုံပိုင် ပစ္စည်းတစ်မျိုးပေါ့
အခုတော့
စ ကေးချုံ့ဆွဲထားတဲ့
တင့်လှပေဟန်မြေပုံတစ်ချပ်ဟာ
မင်းလက်ဝါးလို
လက်ဝါးကြီးမျိုးနွယ်တစ်စုရဲ့
အုပ်မိုးမှုအောက်မှာ
နေရောင်အလာကို စောင့်မျှော်လို့

ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုး ငြိမ်းချမ်းတိုးတက်ပါစေဆိုတဲ့ဆုတောင်း
ဘယ်မင်းလောင်းတက်မှပြည့်မှာလဲ

ကိုယ်ကလည်းဘယ်တော့မှ
သူဌေးမဖြစ်ချင်တဲ့ကောင်
ပညာရှိယောင်က မဆောင်တတ်
ကျက်ပြန်စနစ်နဲ့
အောင် ခဲ့တဲ့အထက်တန်း
တက္ကသိုလ်ကအဝေးကျင်ပညာရေး
လူတောတိုးနိုင်ရေးအတွက်
အားမပေးချင်လည်းအားပေးပေါ့

သင်္ခါရတရားက
မျက်လှည့်ဆရာဟန်နဲ့
ဗုံခေါက်အော်တယ်
အခွံတွေပါ
အနှစ်မဲ့အခွံတွေပါ
ဌာန တွေလည်းအခွံတွေပါ
ဌာနီတွေလည်းအခွံတွေပါ
အခွံတွေပါ အခွံတွေပါနဲ့
အခွံတွေဟာ
အခွံဈေးကွက်မှာ
အခွံရောင်းလိုဝယ်လိုအားသွက်လို့

ညီမ လေးက
ကံကောင်းပါတယ်
အထက်တန်းတက်တော့
ပရိုက်ဗေ့ထ်စကူးလ်
ဒီဂရီရ တော့ဥရောပ
ပီအိခ်ျဒီယူတော့အမေရိက
ပညာရေးဝန်ကြီးတူမ
ဒီလောက် ကံအကြောင်းမလှရင်
ရာဇဝင် သိက္ခာကျမပေါ့

ညီမလေးရေ
ဗြဟ္မာမှာဘဝရှိသလို
နတ်မှာလည်းဘဝရှိတယ်
နတ်မှာဘဝရှိသလို
လူမှာလည်းဘဝရှိတယ်
ဘဝ တွေတူပေမယ့်
ကွဲပြားနေကြတာလည်း..လူတွေ
ခွဲခြားခံနေရတာလည်း..လူတွေ

ဝေဝါးသွားပါပြီ
ပုံရိပ်တွေဝေဝါးသွားပါပြီ
မြင်နေတဲ့မျက်လုံးတွေပြာလာတယ်
ရပ်ကြည့်နေရတဲ့ခြေ ထောက်တွေ
ထုံလာတယ့် အ တွေးတွေကကာလသုံးပါးထဲ
စိမ့်ဝင် နေတယ်
ပုံသေကားချပ်ထဲမှာဘောင် ခတ်ခံရတဲ့
လူတွေကို ကဗျာတစ်ပုဒ်နဲ့
ဆွဲထုတ်လိုက်တယ်

မတွေ့နိုင် တဲ့ဆုံမှတ်ကိုရှာဖို့
ပုလင်းဖုံးတစ်ခုဖွင့်ပြီး
ရင် မခုန်ချင်တော့ဘူး..
ကိုယ်တို့
ဆွဲလက်စမျဉ်းကို
ဆက်ဆွဲကြမယ် ... ညီမ လေး
ဘဝအဆုံးထိ
ကမ္ဘာအဆုံးထိ
သံသရာအဆုံးထိ

ညီမလေးကိုချစ်တယ်
ညီမလေးကို ဖူးဖူးမှုတ်ထားချင်တယ်

ညီမ လေးရေ
.....................
.....................
ဆိုတာ ဆန္ဒ
ဖြစ်နေတာ ဘ၀နဲ့
ပြည်သူမမုန်းတဲ့ ငပုန်း
ရင်လှိုင်းခတ်သံ တဝုန်းဝုန်းနဲ့..ငပုန်း
ကိုယ့်နာမည်ကိုယ်ပြန် ရှာနေတဲ့ ..ငပုန်း..
အခုတော့ ...
တောရ ကျောင်းအိုလေးထဲမှာ
အဆုံးမသတ်နိုင်သေးတဲ့
ကဗျာတစ်ပုဒ်ကို
အကြိမ်ကြိမ်ဖတ်ရင်း
မပြီးဆုံးသေးတဲ့စီးချင်းကို
ဆက်ထိုးနေလေရဲ့
.........................
ဆက်ထိုးနေလေရဲ့ . . . ။


မောင်ခန့်မြေ (ထီလာ


ဟိုဘက်ကမ်းကိုစွန့်လို
ဒီဘက်ကမ်းရောက်သူ 

ဒီဘက်ကမ်းကိုရောက်မှ
ဟိုဘက်ကမ်းစွန့်သူ

သူတို့ရဲ့
လွန်မြောက်မှုမှာ
လိင်၊ဖိနပ်အမျိုးအစားနဲ့
မေတ္တာတရားသာ
ကွဲလွဲခဲ့ပေါ့ ။ ။
                               

                                            မောင်ခန့်မြေ (ထီလာ )




ကျွန်တော်တို့ဟာ
ကမ္ဘာကြီးထဲမှာ အကျယ်ချုပ်ချခံထားရတဲ့
အကျဉ်းသားတွေပါ
ကျွန်တော်တို့ဟာ
ဟန်ဆောင်မှုအတတ်ပညာဝတ်စုံဝတ်ဆင်လို့
ယဉ်ကျေးအောင်သင်ခဲ့ကြပါတယ်

ကျွန်တော်တို့ဟာ
ဘုရားသခင်ကိုဖန်ဆင်းခဲ့တဲ့လူသားတွေပါ
အယူဝါဒတွေကွဲလွဲပြီး
နူးကလီးယားလက်နက်တွေထုတ်လုပ်လို့
စစ်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်

ကျွန်တော်တို့ဟာ
အားနွှဲ့ပြီးအသိဥာဏ်ထက်မြတ်တဲ့လူသားတွေပါ
မိုးလေ၀သကိုကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး
မပြည့်နိုင်တဲ့အလိုဆန္ဒတွေနဲ့
စိတ်မရှိတဲ့ကမ္ဘာကြီးကို
အသက်မဲ့တဲ့အိုင်ဖုန်းတစ်လုံးထဲထိုးထည့်ခဲ့ကြပါတယ်

ကျွန်တော်တို့ဟာ
နောင်တနဲ့ကွယ်ပြီးအမှားကိုအမှန်ခြစ်တဲ့လူသားတွေပါ
မသိ မလိမ္မာ တွေဝေမှုတွေနဲ့
မကောင်းတာတွေပြုပြီး
မမှန်တာတွေပြောလို့
မနှစ်သက်တာတွေကြံစည်ခဲ့ပါတယ်

ကျွန်တော်တို့ကိုခွင့်လွှတ်ပါ/ခွင့်ပြုပါ
ကျွန်တော်တို့မကောင်းတာတွေပြုတိုင်း
သစ်ပင်တစ်ပင်စီစိုက်ခွင့်ပြုပါ
ကျွန်တော်တို့မမှန်တာတွေပြောတိုင်း
ထမင်းတစ်လုပ်စီလျော့စားခွင့်ပြုပါ
ကျွန်တော်တို့မနှစ်သက်တာတွေကြံစည်တိုင်း
ရေတစ်ခွက်စီလျော့သောက်ခွင့်ပြုပါ
 
ကျွန်တော်တို့ရဲ့ပြစ်မှုဖြင့်
ကမ္ဘာကြီးစိမ်းလန်းပါစေ
စားနပ်ရိက္ခာပေါလျှံပါစေ
စိမ့်စမ်းရေကြည်ထွက်ပါစေ

တကယ်တော့..
ကမ္ဘာကြီးဟာလုံးပါတယ်
အိုင်ဖုန်းတစ်လုံးဟာပြားပါတယ်
ကဗျာတစ်ပုဒ်ဟာပေါ့ပါတယ်
                                
                                           မောင်ခန့်မြေ (ထီလာ)

အဖြူရောင်လူ့အခွင့်အရေးကိုစောင့်နေတဲ့ဘ၀ကထန်းလျက်လုံးခွေးလျက်သလိုလုံးပါးပါးလာ လာတော့မယ့်အလုပ်အကိုင်အခွင့်အလမ်းစောင့်ရင်း ခိုးစားမယ်ကြံတော့လည်း ရပ်ကွက်ထဲက ခွေးတစ်အုပ်ဟောင်မှာကိုတွေးကြောက်မိ 
 ကမ္ဘာကြီးကပူတယ်..လူတွေကပိုပူတယ်..ဘ၀တွေကပိုပိုပူတယ်
ပူတယ်..ပူတယ်ဆိုပြီး အအေးဓာတ်ရချင်လို့ ကံဆိုးမနားလမ်းကပ်လျှောက်တော့
“ရှင်က..ကြိုးတစ်စ ကိုင်ပေါ့..ကျွန်မတို့လွန်ဆွဲကြမယ်”တဲ့ ဘယ်လို ရောက်လာမှန်းမသိတဲ့မိုးကျရွှေကိုယ်ဒိုင်က ရေခံဖို့ငွေဖလားနဲ့အဆင်သင့် လက်တွေဟာမငြိမ်ဘူး..ပါးစပ်တွေဟာမငြိမ်ဘူး..ဗိုက်တွေဟာမငြိမ်ဘူး 
မငြိမ်လို့ ညစ်တယ်..လူလည်းညစ်တယ်..စိတ်လည်းညစ်တယ်.. ညစ်တယ် 
လယ်မြေတွေစီမံကိန်းဧရိယာထဲပါလို့ တောကဘကြီးသာလှလည်း ညစ်တယ် ထင်းစိုက်ခင်းတွေဟိုတယ်ဇုန်ထဲပါသွားလို့ တောင်ပေါ်ကဖထီးလည်းညစ်တယ်
ရွှေကျင်ရင်းချောင်းတွေကောလာလို့ တံငါသည်ကိုအုန်းရွှေလည်း ညစ်တယ် ၁၅၀၀တန်ဆင်းကဒ်တွေရှစ်သောင်းပေါက်လို့ဖုန်းအငှားကိုင်တဲ့မအေးမိလည်း ညစ်တယ် နဂါးမင်းနဲ့အခြွေအရံတွေကသူ့ကျောရိုးကိုစွပ်ပြုတ်လုပ်မယ်ကြံလို့ ဧရာဝတီလည်း ညစ်တယ်
ချင်းတွင်းလည်း ညစ်တယ် သံလွင်လည်း ညစ်တယ် စစ်တောင်းလည်း ညစ်တယ်
ညစ်တယ် ညစ်တယ်လို့ရေရွတ်ရင်း ညစ်တာတွေလျှော်ဖို့အိမ်ပြန်ရောက်တော့ ခြံစည်းရိုးပေါက်က၀င်လာတဲ့ ခွေးသူခိုးလား ခွေးဆိုးလား ခိုးစားတာလားတိုးသွားတာလားမသိ အခုတော့..ဆပ်ပြာလည်းပျောက် ရေလည်းမှောက်ပေါ့ ။

                                                            မောင်ခန့်မြေ (ထီလာ)

                        ဦးကျော့ကွယ်လွန်ပြီးကတည်းက ထော့ထိုင်းတို့သားအမိနှစ်ယောက်ဘ၀ပင်လယ်ကြော
တွင်မျောချင်သလိုမျောနေခဲ့သည်။ဖခင်ကြီးမရှိသည့်နောက်တွင်ဘ၀လှေငယ်နှစ်စင်းမလူး
လွန့်အောင်ထော့ထိုင်းကပဲ့နှစ်ချောင်းကိုင်ခဲ့ရသည်။ ထော့ထိုင်းကိုရပ်ကွက်
ထဲတွင်နေထိုင်သောကလေးလူကြီးအားလုံးသိကြပါသည် ။ချစ်လည်းချစ်ကြပါသည်။           ထော့ထိုင်း၏မိခင်ဒေါ်မြရီသည်လ္ဘက်ရည်စွဲနေသူဖြစ်သည်။ဆန်အိုးထဲဆန်မရှိလျှင်မပူ။
လ္ဘက်ရည်မသောက်ရလျှင်ဒေါ်မြရီတစ်ယောက်ထိုင်ရမလို၊ထရမလိုဖြစ်နေတတ်သည်။
ဒေါ်မြရီလ္ဘက်ရည်သောက်သည့်သက်တမ်းကိုနှုတ်ခမ်းကြည့်လျင်သိနိုင်ပါသည်
။ဒေါ်မြရီနှုတ်ခမ်းသည်မဟူရာရောင်သန်းစပြုနေပြီ။ထော့ထိုင်းသည်မိခင်၏အလိုကိုလမ်းထိပ်ရှိ သာတိုး လ္ဘက်ရည်ဆိုင်မှနေ့စဉ်ပါဆယ်ဆွဲ၍ဖြည့်ပေးရပါသည်။        ထော့ထိုင်း၏အလုပ်သည်ခေါင်းစဉ်တပ်၍မရ။ဝင်ငွေလည်းပုံမှန်မရှိ။ရပ်ကွက်ထဲတွင်နေသူ
တို့မလုပ်ချင်သောအလုပ်၊မလုပ်နိုင်သောအလုပ်ကိုထော့ထိုင်းကလုပ်ပေးရသည်။
သူတို့ပေးသလောက်သာရသည်သူတို့ကျွေးသလောက်သာဝသည်ဆိုသောကျပမ်းအလုပ်သမား
ဘ၀။ထော့ထိုင်း၏ယာယီအလုပ်ရှင်များကလည်းမွေးရာပါခြေတစ်ဖက်မသန်သော
ထော့ထိုင်းဘ၀ကိုနားလည်မှုပြည့်ပြည့်၀၀ပေးကြပါသည်။ထိုယာယီအလုပ်ရှင်များထဲတွင်
လမ်းထိပ်၌ဆေးခန်းဖွင့်ထားသောဒေါက်တာဒေါ်ချိုလဲ့သာကအသာဆုံးဖြစ်ပါသည်။
             
                                 **********************
    
           “ဒေါ်မြရီ..ဒေါ်မြရီ”                                                                  အိမ်အပြင်ဘက်ကခေါ်သံကြား၍ဒေါ်မြရီထင်းခွဲသည့်ဓားမကိုခဏချ၍လှည့်ကြည့်တော့
ဒေါ်ချိုလဲ့သာဖြစ်နေသည်။
 “အော်..ဒေါက်တာပါလား။ဘာကိစ္စရှိပါသလဲ”ဟုဒေါ်မြရီကပြုံး၍မေးသည်။ “ထော့ထိုင်းအလုပ်မအားဘူးလား..ဆေးခန်းဘေးကမြက်တွေရှင်းချင်လို့ပါ”ဟုဒေါ်ချိုလဲ့သာ
ကဖြေတော့  “အားပါတယ်”ဟုဒေါ်မြရီကပြန်ပြောရင်းထော့ထိုင်းကိုမေးငေါ့ပြသည်။         ထော့ထိုင်းတို့နေထိုင်ရာရပ်ကွက်သို့ ဒေါ်ချိုလဲ့သာရောက်လာသည်မှာ မကြာသေး။ထော့ထိုင်းတို့နေထိုင်ရာရပ်ကွက်ကလည်း ဖွံ့ဖြိုးမှုနှေးကွေးသောနယ်မြို့တစ်မြို့
၏မြို့စွန်ရပ်ကွက်။ရပ်ကွက်သာဆိုသည်ရွာနဲ့သိပ်မထူး။အိမ်တိုင်းလိုလိုပညာရေး
ထက်စားဝတ်နေရေးကိုအလေးထားကြသည်။ထိုနယ်မြို့လေးသို့ဒေါ်ချိုလဲ့သာကဆေးရုံအုပ်
အဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်းထော့ထိုင်းတို့ရပ်ကွက်ထိပ်၌ကုသိုလ် ဖြစ်ဆေးခန်းဖွင့်ထားခြင်း
ဖြစ်ပါသည်။         ထော့ထိုင်းတစ်ယောက်ပေါက်ပြားထမ်းပြီးဒေါ်ချိုလဲ့သာဆေးခန်းသို့ထွက်လာခဲ့သည်။
။နွေ၏အရှင်သခင်မွန်းတည့်နေကထော့ထိုင်း၏ဦးခေါင်းထက်တွင်ငြိမ်သက်နေ၏။         ထော့ထိုင်း၏ခန္မွာကိုယ်မှထွက်သောချွေးစက်ချွေးပေါက်များကလည်းစိန်ပွင့်
များကဲသို့နေနှင့်အပြိုင်ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသည်။ထော့ထိုင်း၏အမူအရာကဘဝ
လှိုင်းတံပိုးများကိုရင်စီးကာမည့်ပုံပေါ်နေသည်။လက်ရှိဘ၀ကရုန်းထွက်ချင်ပေမယ့်လည်းဘယ်လို
ရုန်းထွက်ရမည်ဆိုတာကိုသူမသိ။ကံတရား၏ဖန်တီးမှုအတိုင်းဖန်လုံအိမ်သက်ရောက်မှုပြင်းထန်သော
ဘ၀လှောင်အိမ်ထဲတွင်မည်မျှကြာကြာနေရဦးမည်ကိုလည်းသူမပြောတတ်။
         ထော့ထိုင်းသည်သူလုပ်ငန်းခွင်ဝင်ပြီးသောလုပ်ကွက်ကိုပြန်ကြည့်နေသည်
။နေ့တွက်ကိုက်ပုံမပေါ်သေးမှန်းလည်းသူသိသည်။အိမ်အပြန်တွင်မိခင်ဒေါ်မြရီအတွက်
လ္ဘက်ရည်နှင့်ဆန်လည်းဝယ်သွားရဦးမည်ဟုတွေးနေပုံပေါ်သည်။           ထိုအချိန်တွင်ရေနွေးဖြူထည့်ထားသောဖန်ခွက်နှင့်အစိမ်းရောင်အထုပ်တစ်ထုပ်ကိုင်
၍ဒေါ်ချိုလဲ့သာရောက်လာသည်။           “ထော့ထိုင်းရေ..အနားယူရင်းဒါလေးသောက်ပါဦး”ဟုပြောရင်းလှမ်းပေးသည်။         ထော့ထိုင်းကအစိမ်းရောင်အထုပ်လေးကိုငေးကြည့်နေသည်။ထိုအထုပ်လေးကိုထော့ထိုင်း
တစ်ခါမျှမမြင်ဘူး။သောက်လည်းမသောက်ဘူး။အထဲတွင်ဘာတွေထည့်ထားမှန်း
လည်းထော့ထိုင်းမသိ။           “ဟဲ့..ဘာငေးနေတာလဲ။အဲ့ဒါ..ရယ်ဒီမိတ်လ္ဘက်ရည်ထုပ်၊ဖောက်ပြီးခွက်ထဲထည့်မွှေသောက်”ဟု ပြုံး၍ပြောရင်းဒေါ်ချိုလဲ့သာဆေးခန်းအတွင်းသို့ပြန်ဝင်သွားသည်။ထော့ထိုင်းသည်ဒေါ်ချိုလဲ့သာ
ကျောပြင်ကိုငေးမောရင်းကျန်ရစ်လေသည်။          ထော့ထိုင်းလ္ဘက်ရည်ထုပ်ဖောက်ထည့်အပြီးတွင်ခပ်နွေးနွေးရေပြင်ပေါ်တွင်ပေါလောပေါ်နေသော၊
အောက်သို့ပျော်ဝင်စိမ့်ကျနေသောအမှုန့်ပုံလေးကိုစူးစူးစိုက်စိုက်ကြည့်နေသည်။သူ့အမေဒေါ်မြရီ
ကိုလည်းသတိရနေပုံပေါ်သည်။ဒေါ်ချိုလဲ့သာပေးသောလ္ဘက်ရည်ကိုသောက်သာသောက်နေရသည် ၊မျိုမကျ။အနံ့ကစိမ်းရွှေရွှေ။သူသိပ်ကြိုက်ပုံမပေါ်။အရသာကလည်းသူ့အတွက်ပေါ့ရွှတ်ရွှတ်
ဖြစ်နေပုံရသည်။             ထော့ထိုင်းလ္ဘက်ရည်ခွက်ချပြီးအလုပ်ဆက်လုပ်သည်။သူဟန်ချက်ညီညီလွှဲလိုက်သောပေါက်ပြား ထက်ထက်၏ထိတွေ့မှုကြောင့်ထိုးထိုးထောင်ထောင်ထနေသောမြက်ပင်တို့သည်မြေသို့ဦးညွှတ်
ဝတ်တွားခယကြလေပြီ။နေလုံးကြီးသည်လည်းအနောက်ယွန်းယွန်းသို့ဖြည်းညင်း
ညင်သာစွာငုပ်လျှိုးကွယ်ပျောက်၍ည၏ပဋိသနွေ္မတည်ခါစအချိန်ရောက်သို့ရောက်ခဲ့ပါပြီ။
ထော့ထိုင်းအတွက်တစ်နေ့တာမျှော်လင့်ခြင်းအရောင်သန်းလာလေပြီ။         ထော့ထိုင်းအလုပ်သိမ်းပြီးချိန်တွင်“မနက်ဖြန်လည်းလာခဲ့ဦး”ဟုပြောရင်းဒေါ်ချိုလဲ့သာကငွေ
နှစ်ထောင်နှင့်လ္ဘက်ရည်ထုပ်တစ်ထုပ်ပေးလေသည်။ထော့ထိုင်းလည်းငွေနှစ်ထောင်ခါးလိပ်
၊ပေါက်ပြားထမ်းပြီးပြန်ခဲ့ရတော့သည်။လမ်းကွေ့ရောက်လျှင်”သာတိုး”လ္ဘက်ရည်ဆိုင်
သို့ဝင်ကာမိခင်ဒေါ်မြရီအတွက်လ္ဘက်ရည်ဝယ်ပေးရဦးမည်ဖြစ်ပါသည်။                        လ္ဘက်ရည်ဆိုင်ဘေးရှိနံပြားဖိုနားရောက်တော့စားပွဲထိုးကောင်လေးက”ထော့ထိုင်းပါဆယ်”
ဟုဖျော်ဆရာဘက်မျက်နှာမူ၍အော်လိုက်သည်။ထော့ထိုင်းပါဆယ်ဟုအော်လိုက်လျှင်
ဖျော်ဆရာသိသည်။ထော့ထိုင်းကနေ့စဉ်ဝယ်နေသူတစ်ယောက်လည်းဖြစ်သည်။               ထော့ထိုင်းကအစိမ်းရောင်အထုပ်လေးကိုစားပွဲထိုးကောင်လေးအား ကမ်းပေးရင်း  “ဒါလေးပါဖောက်ထည့်ပေးပါ”ဟုပြောတော့“ရွိုင်ရယ်နဲ့ထော့ထိုင်းရောမယ်။ရွိုင်ရယ်ထော့ထိုင်း ပါဆယ်”ဟုနောက်တစ်ခါထပ်အော်လေသည်။ထော့ထိုင်းလည်းပိုက်ဆံရှင်းအပြီးစားပွဲထိုး
ကောင်လေးပေးသောလ္ဘက်ရည်ပါဆယ်ထုပ်ကိုလှမ်းယူသည်။ထော့ထိုင်းတစ်ယောက်
စားပွဲထိုးကောင်လေးပြောလိုက်သော “ရွိုင်ရယ်ထော့ထိုင်း..ရွိုင်ရယ်ထော့ထိုင်း”ဟူသော
စကားကိုတတွတ်တွတ်ရေရွတ်ရင်းမိခင်ဒေါ်မြရီရှိရာအိမ်သို့ပြန်လာခဲ့လေသည်။          ထော့ထိုင်း၏တစ်နေ့တာဆန္ဒပြည့်ဝခဲ့လေပြီ။သူအလိုရှိသောလ္ဘက်ရည်နှင့်ဆန်ထုပ်ကသူတို့
သားအမိနှစ်ယောက်ဘ၀၏အထောက်အပံ့ဖြစ်ပါသည်။
                                
                         ********************************
             ထော့ထိုင်းအလုပ်သာလုပ်နေသည်ကိုယ်နှင့်စိတ်တစ်ထပ်တည်းမကျ။အလုပ်ကတခြားစိတ်က တခြားဖြစ်နေသည်။မနေ့ကစားပွဲထိုးကောင်လေးအော်လိုက်သော“ရွိုင်ရယ်ထော့ထိုင်း”
၏အဓိပါယ်ကိုသူသိချင်နေသည်။ဒေါ်ချိုလဲ့သာလာလျှင်မေးလိုက်ဦးမည်ဟုစဉ်းစား
ဆုံးဖြတ်လိုက်ပြီးလုပ်လက်စအလုပ်ကိုဆက်လုပ်နေလေသည်။             “ဒါလေးသောက်ပြီးနားပါဦး”ဟုပြောသံနှင့်အတူဒေါ်ချိုလဲ့သာရောက်လာသည်။ထော့ထိုင်းသည်
ဒေါ်ချိုလဲ့သာကိုင်ထားသောခွက်ပေါ်မှအစိမ်းရောင်လ္ဘက်ရည်ထုပ်လေးကိုလှမ်းယူရင်း               “အန်တီ..ကျွန်တော်ကိုဒီစာလုံးရဲ့အဓိပါယ်ရှင်းပြပါ”ဟုပြောသည်။            
“အဲ့ဒါ..အင်္ဂလိပ်လို အာအိုဝိုင်အေအယ်လ်၊ရွိုင်ရယ်တဲ့။မြန်မာလိုအဓိပါယ်ပြန်ရင်တော်ဝင်၊တော်ဝင် မိသားစုပေါ့။သူရဲ့နောက်မှာအရောင်တစ်ခုခုထည့်လိုက်ရင်တောက်ပတယ်ဆိုတဲ့အဓိပါယ်ထွက်
တယ်”ဟုဒေါ်ချိုလဲ့သာကရှင်းပြသည်။ပြီးတော့..               “မင်းဝှိုက်ဆိုတာသိလား..”               “သိပါတယ်အန်တီ..၀ှိုက်ဆိုတာအဖြူရောင်ကိုပြောတာပါ”              “ဒါဆိုရင်..ရွိုင်ရယ်ရဲ့နောက်မှာဝှိုက်ထည့်လိုက်ရင်တောက်ပတဲ့အဖြူရောင်ပေါ့။မင်းနာမည်ရှေ့မှာ ထည့်လိုက်ရင်ရွိုင်ရယ်ဝှိုက်ထော့ထိုင်း။တောက်ပတဲ့အဖြူရောင်ထော့ထိုင်းပေါ့ကွ။
အဲ့ဒါဂုဏ်ပုဒ်တွေလေ။ဂုဏ်ရှိတဲ့အရာဝတ္ထုတွေ၊နာမည်တွေရှေ့မှာထည့်သုံးတာပေါ့”               ဒေါ်ချိုလဲ့သာကပြောလက်စစကားကိုရပ်ပြီးထော့ထိုင်း၏အမူအရာကိုအကဲ
ခတ်ကြည့်လိုက်သည်  ထော့ထိုင်းအချိန်အနည်းငယ်စဉ်းစားနေပုံရသည်။ပြီးမှ..               “ကျွန်တော်နာမည်ရှေ့မှာအဲ့ဒီဂုဏ်ပုဒ်တွေထည့်လို့ရသလား..အန်တီ”             “မင်းရဲ့သန္တာန်မှာဖြူစင်တဲ့တရားတစ်ခုခုရှိရင်မင်းနာမည်ရှေ့မှာအဖြူရောင်ဆိုတဲ့ဂုဏ်ကို
ထည့်သုံးလို့ရတာပေါ့”ဟုပြန်ဖြေပြီးဒေါ်ချိုလဲ့သာလှည့်ထွက်သွားသည်။                 ဂုဏ်ဟူသည်မှာသတ္တိတစ်မျိုးသာဖြစ်၍အဖြူရောင်ဆိုသည်မှာစင်ကြယ်ခြင်းရိုးသားခြင်းတို့၏
ပရိယာယ်ပုဒ်ဖြစ်ကြောင်းထော့ထိုင်းသေချာမသိ။စင်ကြယ်ခြင်းရိုးသားခြင်းတို့သည်လည်း
ဂုဏ်ကိုလက်ခံထားသောအထည်ဒြပ်တစ်ခုမှာသာကိန်းရိုးထုံးစံရှိပါသည်။
ဂုဏ်ပုဒ်၌စင်ကြယ်ခြင်းရိုးသားခြင်းတို့မကိန်းနိုင်ပါ။                ထော့ထိုင်းသည်ခြေတစ်ဖက်မသန်သော်လည်းကိုယ်ကျင့်တရားတွေသန်မာပါ၏။အသားရောင် မဖြူသော်လည်းမေတ္တာစေတနာအရောင်တွေဖြူစင်ပါ၏။ဘ၀အရောင်မည်းမှောင်သော်လည်း
စိတ်ဓါတ်အရောင်တောက်ပြောင်ပါ၏။ထော့ထိုင်း၏အကြောင်းကိုဒေါ်ချိုလဲ့သာနှင့်တကွ
ရပ်ကွက်ထဲ၌နေသောသူအားလုံးသိကြပါလိမ့်မည်။
                             
                          ******************************
             ထော့ထိုင်းအိမ်ပြန်ချိန်နှင့်အတူနေလုံးကြီးကလည်းအနောက်ယွန်းယွန်းသို့ဦးတည်
ငုပ်လျှိုးနေလေပြီ။ယခုအချိန်ဆိုလျှင်မိခင်ကြီးဒေါ်မြရီလည်းထော့ထိုင်းကိုစောင့်မျှော်နေတော့မည်။          သာတိုးလ္ဘက်ရည်ဆိုင်နံပြားဖိုဘေးရောက်တော့စာပွဲထိုးကောင်လေးကလှမ်းအော်မည့်အပြု
ထော့ထိုင်းကလက်ကာပြသည်။ပြီးတော့အစိမ်းရောင်လ္ဘက်ရည်ထုပ်လေးကိုထောင်ပြလိုက်သည်။
ထိုအခါစားပွဲထိုးလေးက“ရွိုင်ရယ်ထော့ထိုင်း”ပါဆယ်ဟုဖျော်ဆရာဘက်လှည့်၍လှမ်းအော်
လိုက်သည်။လ္ဘက်ရည်ထိုင်သောက်နေသည့်လူများကထော့ထိုင်းကိုတလှည့်
စားပွဲထိုးကောင်လေးကိုတလှည့်ကြည့်ရင်းပြုံးနေသည်။           ခဏအကြာစားပွဲထိုးကောင်လေးကလ္ဘက်ရည်ပါဆယ်ထုပ်လာပေးတော့ထော့ထိုင်းက
ပိုက်ဆံရှင်းရင်းပြောသည်။            “ငါ့ညီ..အလယ်မှာတစ်လုံးကျန်သွားတယ်။              ရွိုင်ရယ်ထော့ထိုင်းမဟုတ်တော့ဘူး။              ရွိုင်ရယ်ဝှိုက်ထော့ထိုင်းကွ”
                                   
                           *************************
         
           ထော့ထိုင်းသည်ဒေါ်ချိုလဲ့သာချီးမြှင့်သည့် “ရွိုင်ရယ်ဝှိုက်”ဘွဲ့ထူးကိုသွားရာလမ်းတွင်
အသုံးပြုသည်။ရောက်ရာအရပ်တွင်ခေါင်းစဉ်တပ်သည်။ဇရပ်နံရံတွင်လည်းရေးသည်။သောက်ရေ
အိုးစင်မှာလည်းရေးသည်။             ရပ်ကွက်ထဲရှိလူများကလည်းထော့ထိုင်း၏ပြောင်းလဲလာသောအမူအကျင့်အပေါ်
တအံ့တသြဖြစ်ကြသည်။ထော့ထိုင်းကိုတွေ့လျှင်တစ်ဦးနှင့်တစ်ဦးမျက်စပစ်ပြသည်။
မျက်စောင်းချိတ်သည်။ထော့ထိုင်း၏အဆိုးဝါးဆုံးအပြုအမူမှာရပ်ကွက်ထဲနေသူတို့စုပေါင်း
လှုဒါန်းထားသောအုတ်တံတိုင်းမှာရွိုင်ရယ်ဝှိုက်ထော့ထိုင်းပြုလုပ်သည်ဆိုသည့်စာကြောင်းအား
သွားရေးခြင်းဖြစ်ပါသည်။                 ဒေါ်ချိုလဲ့သာသည်မြင်းပြေးကိုချိုတပ်၍ မျောက်လက်သို့မောင်းအပ်ခဲ့ပါပြီ။အကယ်၍ “ကိုယ့်ဂုဏ်ကိုဖော်မသူတော်”ဟုရပ်ကွက်အတွင်းနေထိုင်သောသူများကကဲ့ရဲ့စကားပြောခဲ့လျှင်
ပြန်လည်၍တုံ့ပြန်ချေပနိုင်သောစကားတစ်ခွန်းကိုသင်မပေးလိုက်ခြင်းမှာမေ့များမေ့နေ၍လား
။ကြိုတင်တွေးမထားမိခြင်းလားဒေါ်ချိုလဲ့သာအသိဆုံးဖြစ်ပါလိမ့်မည်။         သင်္ခါရဓမ္မ၏လုပ်ဆောင်ချက်ကတိကျသည်။သေသပ်လှပသည်။ဦးနှောက်ကင်ဆာဆိုသည့်ရောဂါ ကဒေါ်ချိုလဲ့သာကိုလောကအပြင်သို့ပုတ်ထုတ်ခဲ့ပါပြီ။ရပ်ကွက်အနောက်ဘက်သုဿာန်ထဲရှိအုတ်ဂူဖြူဖြူထဲ တွင်ဒေါ်ချိုလဲ့သာတစ်ယောက်သက်မဲ့ခန္မွာအဖြစ်ဖြင့်ငြိမ်သက်စွာလဲလျောင်းနေလေပြီ။အရာရာကိုမမြင်နိုင်။ မကြားနိုင်တော့ပါ။                   လောကအတွင်းကျန်ရှိနေသူများကတော့ဒေါ်ချိုလဲ့သာ၏အုတ်ဂူဖြူဖြူတွင်ရေးသားထားသော
အောက်ပါစာကြောင်းသုံးကြောင်းကိုမြင်နိုင်ပါလိမ့်မည်။
ဒေါက်တာဒေါ်ချိုလဲ့သာ           အသက် ( ၅၂ ) နှစ်           ၁၃-၃-၂၀၀၃ နေ့တွင်ကွယ်လွန်သည်။                                           ထိုအုတ်ဂူဖြူဖြူလေးကိုလည်းရွိင်ရယ်ဝှိုက်ထော့ထိုင်းပြုလုပ်ပေးခဲ့မှန်းဒေါ်ချိုလဲ့သာ
သိမသွားသည်မှာသေချာပါသည်။
                                                                                       
                                                          မောင်ခန့်မြေ (ထီလာ)                  



ဟင်္သာနန်းတော်ထဲကနတ်သမီးတွေ
ကျောပြင်ကိုဆွေးဆွေးမြည့်မြည့်ကြည့်တဲ့ည
စူးရှရှလေအချို့ကပိတောက်တွေကိုလှုပ်နိုးခဲ့ပေါ့။

ငါ စီးလာတဲ့နတ်မြင်း
ဝမ်းနည်းခြင်းသင်္ကေတနဲ့
မျဉ်းတစ်ကြောင်းပေါ်ခုန်ပေါက်
အသက်ရှုသံပျောက်မှ
ကျန်ခဲ့တဲ့လမင်းသတိရမိတယ်။

သယ်ဆောင်ခဲ့ပါပြီ
မင်းရဲ့စင်ကြယ်ရိုးသားမှု
နားထောင်ခဲ့ဘူးတဲ့သီချင်းတစ်ပုဒ်
ရွတ်ခဲ့ဘူးတဲ့ကဗျာတစ်ပိုဒ်
လုယူရှုရှိက်ခဲ့တဲ့ဧရာဝတီရဲ့လေအချို့
နိုးတစ်ဝက်အိပ်ပျက်ညနဲ့
ထထလျှောက်တဲ့၉၃လမ်းမကြီး..
ပြီးတော့..
အိပ်မက်လှလှမက်ပါစေဆိုတဲ့စကားတစ်ခွန်း..။

အိပ်မက်ရေ..
သစ္စာရှိရှိသာမက်ပါတော့။
မင်းမက်ပေးမယ့်အိပ်မက်အောက်မှာ
လတစ်စင်းအိပ်ပျော်ဖို့
ပြာလဲ့လဲ့ဘောလ်ပင်တစ်ချောင်း
ဖြူဆွတ်ဆွတ်စက္ကူတစ်ရွက်
အနက်ရောင်တယ်လီဖုန်းတစ်လုံး
အငွေ့ပျံနေတဲ့လွမ်းဆွေးခြင်းနဲ့အတူ
ကံတရားကပုတ်ထုတ်လိုက်ပါပြီ ။

ညတုတွေအောက်မှာ
ဂျက်ဆင်အိုလေး
ပြန်လည်တောက်ပသက်ဝင်လာသည်ထိတဲ့လေ ။ ။
                        
                             မောင်ခန့်မြေ (ထီလာ)

ဓာတုဗေဒဆိုးဆေးတွေနဲ့
အချဉ်ပေါင်းဘမ်းအောက်မှာ
ကျွန်မတို့ရဲ့ပညာရေးတွေမြုပ်ကုန်ပြီ ။

လူတစ်ယောက်ရဲ့အခွင့်အရေးဆိုတာ
ရတနာပုံသာဆုတောင်းပြည့်ဘုရားမုဒ်ဦးက
စံပါယ်ပန်းကုန်းနဲ့ခိုစာဇလုံတွေလား..
မသိလို့မေးလိုက်တာပါရှင် ။

ကျွန်မတို့ရဲ့လက်က
ကမ္ဘာကြီးကိုထွန်းညှိဖို့လေ
ခပ်ဖျော့ဖျော့တက်ထရွန်လုံချည်စိမ်းနဲ့
ဖားဥစွဲနေတဲ့အင်္ကျီဖြူတစ်ထည်တောင်
ဝတ်ခွင့်မရတာတော့
ရင်နာပါတယ်..ဘ၀ရယ် ။

သင်ယူမှုမရှိဘဲ ရှင်နေတာထက်
သေပြီးမသင်ရတာကပိုမြတ်မယ်မထင်ပါနဲ့
ဒါပေမယ့်..စိတ်ဓာတ်တွေကဘယ်တော့မှမသေဘူး
ပိုလီယိုရောဂါမစွဲတဲ့ကျွန်မတို့ခြေထောက်တွေက
စာသင်ခန်းဆီကိုသွားနိုင်ပါတယ် ။

ဒီနေ့အဖေ့ရဲ့ဆိုက္ကားဘီးဂွေခွင်နေလို့လား
အမေ့ရဲ့အမှိုက်သိမ်းခေါင်းလောင်းလေးငြိမ်နေလို့လား
ကျွန်မတို့ဗိုက်တွေငလျင်ကြောပေါ်ရောက်နေပြီလေ ။

နားကြပ်တပ်ထားတဲ့လောကကြီးက
ယူပါကယ်ပါဆိုတဲ့အသံကိုကျောခိုင်းလို့ ။

ကျွန်မတို့ကိုပေါင်မုန့်တစ်ဖဲ့စီမကျွေးပါနဲ့
ရှင်တို့ရဲ့အတ္တတစ်ဖဲ့စီခွင့်ကျွေးပါ ။

လောကဓံတံခါးကိုခေါင်းတိုက်ဖွင့်နေရတော့
ဘယ်ပြုံးနိုင်ပါမလဲ
ဒါကို မရှိအကျည်းတန်တဲ့ ။

ရှင်တို့လည်ပင်းကစိန်ဘယက်တွေထက်
ရှင်တို့ရဲ့နူးကလီးယားလက်နက်တွေထက်
ကျွန်မတို့မေတ္တာလက်နက်က
စကြာဝဠာအဆုံးထိပစ်နိုင်တယ် ။

တစ်ခုတောင်းဆိုချင်တာလေ
ကျွန်မလိုကောင်းကင်ပျောက်ကြယ်တွေ
ဘယ်အချိန်မှာလင်းခွင့်ပေးမလဲပေါ့ ။

                       မောင်ခန့်မြေ (ထီလာ )

သူ့ရဲ့လက်ဖနောင့်အနှိပ်
ဘယ်ခြေရွရွလေးနင်းမှ
အသက်ရှုချောင်သလိုလို
လေကောင်းလေသန့်ရသလိုလို ။

ကျွန်မတို့ကထိုင်လိုက်နေတာပါ
ရှင်တို့ကို အသက်တွေ
ရာထူး စည်းစိမ်တွေပုံအပ်ထားလေ ။

နောက်ပြန်ကြည့်မနေပါနဲ့
ကျန်ခဲ့တာကိုချန်ထားခဲ့ရုံပေါ့
ရှေ့ကလူတွေကလည်း
စည်းကမ်းမဲ့လမ်းကြောပိတ်လို့
နောက်ကလူတွေကလည်း
အခွင့်အရေးအပြည့်လမ်းတောင်းလို့ ။

စည်းကမ်းဆိုတဲ့စာရွက်ကြီးကပ်ပြီး
နည်းနည်းတော့သောက်ထားသေးတယ်ပေါ့
ဒါပေမယ့်..ရှင်တို့ကလမ်းကြောကျွမ်းပါတယ်
မမောင်းလည်းမူးနေကြမို့လား ။

မြို့တစ်မြို့ရဲ့တစ်ထောက်နားစခန်းတိုင်းမှာ
ရှင်တို့ကအမွန်အမြတ်တွေကို
အလျှံအပယ်စားကြ
ခေါက်ချိုးကျနေတဲ့သီအိုရီတစ်ခုလို
ကျွန်မတို့ကထိုင်ကြည်ရ ။

အဓိကကတော့ခရီးဆုံးရောက်ဖို့ပါ
တစ်စုံတစ်ခုဖြစ်ခဲ့ရင်တောင်
နှစ်ဆပြန်မလျော်ပါနဲ့
ကျွန်မတို့လူမျိုးကသဘောထားကြီးပါတယ် ။

ရှင်နားထောင်နေတဲ့သီချင်းသံကို
နည်းနည်းလေးတိုးလိုက်ပါ
နောက်မှာ..
ကလေးတွေငိုကုန်ပြီ
မနက်ဖြန်ဆိုကျောင်းဖွင့်ပြီ
ဆေးရုံကြီးကိုအချိန်မီရောက်ပါ့မလားဆိုတဲ့အသံတွေ ။ ။

                      မောင်ခန့်မြေ ( ထီလာ )

Write a comment

Posted via Blogaway


Posted via Blogaway

ရှဥ့်လည်းလျှောက်ပါ
ပျားလည်းစွဲပါ
ငါလည်း..သစ်ကိုင်းခြောက်ပေါ်မှာ ။

                 မောင်ခန့်မြေ (ထီလာ)

မျက်ရည်စက်တွေမှာ ငါ့ပါးရာကြီး

ပန်းသီးတစ်လုံးမှာ ငါ့သွားရာကြီး

ရေသန့်တစ်ဘူးမှာ ငါ့ပါးစပ်ရာကြီး

သစ်ပင်တစ်ပင်မှာ ငါ့ကိုယ်ရာကြီး

လွယ်အိတ်တစ်လုံးမှာ ငါ့ပခုံးရာကြီး

ဖိနပ်တစ်ရံမှာ ငါ့ခြေဖ၀ါးရာကြီး

နားကြပ်တစ်စုံမှာ ငါ့နားရာကြီး

အိပ်ရာခင်းတစ်ထည်မှာ ငါ့ကျောရာကြီး

မျက်မှန်တစ်လက်မှာ ငါ့မျက်လုံးရာကြီး

စာအုပ်တစ်အုပ်မှာ ငါ့ဦးနှောက်ရာကြီး

ပန်းကန်တစ်ချပ်မှာ ငါ့ဗိုက်ရာကြီး

မှန်တစ်ချပ်ထဲမှာ ငါ့မျက်ခွက်ရာကြီး

ခေါင်းဘီးတစ်ချောင်းမှာ ငါ့ဆံပင်ရာကြီး

ထီးတစ်လက်မှာ ငါ့ခေါင်းရာကြီး

ချစ်သူပါးပြင်မှာ ငါ့နှုတ်ခမ်းရာကြီး

ဟင်..

မဟုတ်ဘူး မဟုတ်ဘူး

သေနတ်တစ်လက်မှာ ငါ့လက်ရာ..။ ။

                        မောင်ခန့်မြေ(ထီလာ)

စိတ်ကုန်တယ်စိတ်ကုန်တယ်..အမေ
အတင်းအဖျင်းသတင်းတွေကိုသားစိတ်ကုန်သလို
သူတို့ကလည်းသားကိုစိတ်ကုန်နေလိမ့်မယ်..အမေ
စိတ်ကုန်တယ်စိတ်ကုန်တယ်..အမေ
ပုဒ်ထီးပုဒ်မများများနဲ့မတိကျတဲ့ဝါကျတွေကိုသားစိတ်ကုန်သလို
သူတို့ကလည်းသားကိုစိတ်ကုန်နေလိမ့်မယ်..အမေ
စိတ်ကုန်တယ်စိတ်ကုန်တယ်..အမေ
ဓားလက်နက်နဲ့စစ်ပွဲတွေကိုသားစိတ်ကုန်သလို
သူတို့ကလည်းသားကိုစိတ်ကုန်နေလိမ့်မယ်..အမေ
စိတ်ကုန်တယ်စိတ်ကုန်တယ်..အမေ
ပဒေသရာဇ်စနစ်လိုလိုဓနရှင်ဆန်သလိုလိုလူတွေကိုသားစိတ်ကုန်သလို
သူတို့ကလည်းသားကိုစိတ်ကုန်နေလိမ့်မယ်..အမေ
စိတ်ကုန်တယ်စိတ်ကုန်တယ်..အမေ
မလှသေးတဲ့လောကကြီးကိုသားစိတ်ကုန်သလို
သူကလည်းသားကိုစိတ်ကုန်နေလိမ့်မယ်..အမေ
ဒါပေမယ့်..အမေ
စိတ်ဘယ်လောက်ကုန်ကုန်
စိတ်ကုန်တယ်ဘယ်လောက်ပြောပြော
မကုန်သေးတဲ့စိတ်ကတော့
အမေဖွင့်ထားတဲ့ခြံတံခါးလေးပေါ့ ။ ။

                              မောင်ခန့်မြေ(ထီလာ)



         ကဆုန်လပြည့်နေ့မရောက်ခင် နှစ်ရက်သုံးရက်ကြို၍ ဇာတိမြို့လေးသို့ ကျွန်တော်ပြန်ရသည်။
ကဆုန်လပြည့်နေ့သည် ကျွန်တော်နေထိုင်ခဲ့ဖူးသော ချက်မြှုပ်ရပ်ကွက်လေး၏ ဆုတောင်းပြည့်ဘုရား
ပွဲကျင်းပသည့်နေ့ဖြစ်သည်။ဘုရားပွဲကလည်း ကျွန်တော်ပါမှပွဲပြီးသည်မဟုတ်။မပါလျှင်လည်းပွဲစည်
သည်။ကျွန်တော်ကိုယ်တိုင်ကိုက မှတ်မှတ်ရရဖြစ်နေချင်၍ပြန်ခြင်းဖြစ်သည်။
          အဖေအလယ်တန်းကျောင်းအုပ်ဘ၀မှပင်စင်ယူခဲ့ပြီးနောက် ဆုတောင်းပြည့်ဘုရားလူကြီး
အဖြစ်ဖြင့်နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပါသည်။အဖေသည်အလုပ်လုပ်ရာတွင်ရိုးသားသည်။တည်ကြည်သည်။
စကားပြောရာတွင်ပျူငှာဖော်ရွေသည်။ဆုံးဖြတ်ချက်ချလျင်ပြတ်သားသည်။ဘက်မလိုက်ပဲ
အဂတိကင်းသည်။ထို့ကြောင့်အဖေ့ကိုရပ်ကွက်တွင်းရှိ လူအများကရိုသေလေးစားကြသည်။ရပ်ကွက်
ထဲတွင်အဖေသည်လူတော်ဟုပြောရန်ခဲယဉ်းသော်လည်းလူကောင်းတစ်ယောက်၏စံချိန်စံညွှန်းက
တော့အပြည့်ရှိမည်ထင်ပါသည်။
          ကျွန်တော်ပြန်သည့်အခါတိုင်း ရပ်ကွက်အ၀င်လမ်းထိပ်ရောက်လျှင် မငြိမ်းလှက အာလုပ်သံ
ကြီးဖြင့်ဦးစွာနှုတ်ဆက်တတ်သည်။ယခုလည်း..။
        “ ဇာနည်ထွန်း…ဘုရားပွဲလာတာလား။ကြည့်ပါဦး..ပုံစံကလည်းကိုလှထွန်းကြီးအတိုင်းပဲ”
          ထိုကဲသို့နှုတ်ဆက်သည့်အခါမျိုးတွင် ကျွန်တော်ရင်ထဲနွေးကနဲ ခံစားရသည်။
                       
                           Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

                       နေရောင်တောက်၍လားမသိ။ဘုရား၏ရွှေသင်္ကန်းတော်က၀င်းမွတ်ညက်လဲ့နေသည်။
ဆွဲလည်းအချင်းချင်းရိုက်သံက အေးငြိမ်းမှုဧရိယာထဲဝင်ရောက်နေပြီဟု အချက်ပေးနေသယောင်ယောင်..။
          ဆုတောင်းပြည့်ဘုရားရောက်တိုင်းဘယ်သောအခါမျှနောင်တရမည့်အလုပ်မလုပ်ရပါလို၏ဟု
ဆုတောင်းဖြစ်သည်။ကျွန်တော်နောင်တတွေဖြင့်မနေချင်ပါ။အဖေကလည်း နောင်တရမည့်အလုပ်ဆို
ဘယ်တော့မှအားမပေးခဲ့။
           ဘုရားဝတ်ပြု၊ရင်ပြင်ပေါ်တံမြက်စည်းလှည်းအပြီးအောက်ဆင်းလာခဲ့သည်။ဓမ္မာရုံနားရောက်
တော့ငယ်စဉ် ကလေးဘ၀ပြန်သတိရမိသည်။ကလေးဆိုသော်လည်းဆယ်နှစ်ကျော်သိတတ်စ
အရွယ်..။      
          အဖေကနွေရာသီကျောင်းပိတ်လျှင်ဓမ္မာရုံအတွင်းမှာယဉ်ကျေးမှုသင်တန်းဖွင့်သည်။အဖေ၏
သင်တန်းလိုက်တက်ရင်းဖြင့်ဗုဒ္မ၀င်အကျဉ်းနှင့်မင်္ဂလသုတ်စသည်တို့ကိုကလေးဘ၀ကတည်းက
ထိတွေ့ခွင့်ရခဲ့သည်။
          “ အသေ၀နာ စ ဗာလာနံ “ မှာလူမိုက်ကိုမပေါင်းနဲ့ဆိုတာလူကောင်းမလုပ်တဲ့အလုပ်လုပ်လို့
လူမိုက်လို့ပြောတာကွ။လူမှမဟုတ်ဘူး။အကောင်းနဲ့ဆန့်ကျင်နေရင်လူမိုက်ပေါ့ကွာ။ဥပမာ..ကွမ်းယာ
တို့..ဆေးလိပ်တို့..အရက်တို့ဆိုတာလူတစ်ယောက်အတွက်အကောင်းလား..။အဆိုးလား..။အဆိုး
ဆိုရင်ဗာလထဲထည့်ပေါ့ကွ ။ မပေါင်းနဲ့ပေါ့ ။ကောင်မလေးတွေဆိုလည်း လက်သည်းနီတို့..နှုတ်ခမ်းနီ
တို့ဆိုတာ မရှိမဖြစ်လိုတာမှမဟုတ်တာ။မလိုရင် ဗာလထဲထည့်” ဟုဆိုကာတပည့်တွေကိုဖြန့်ကျက်
တွေးခေါ်နည်းပါသင်ပေးခဲ့သည်။
          ကျွန်တော်တွေးမိပါသည်။ယခုခေတ်လူငယ်များသည်ဆံပင်များကိုရွှေအိုရောင်၊အနီရောင်
အမျိုးမျိုးဆိုးနေကြသည်။အဖေစကားအရဆိုလျှင်ဗာလတွေခေါင်းပေါ်တင်ထားသည်ဟုဆိုနိုင်ပါသည်။
          အဖေ၏နွေရာသီသင်တန်းတွင်ယဉ်ကျေးမှုဘာသာရပ်အပြင်ရှစ်လုံးဖွဲ့၊လေးလုံးစပ်ကဗျာ  ၊
လေးချိုး ၊ ဒွေးချိုး ၊တေးထပ်စသည့်ဂန္ထ၀င်စာပေများကိုလည်းသင်ကြားပေးခဲ့သည်။များသောအားဖြင့်
အဖေသင်တန်းတက်ဖူးသောလူငယ်အပေါင်းသည်မြန်မာစာပေယဉ်ကျေးမှုနှင့်သိပ်မစိမ်းလှ။
      အလယ်တန်းကျောင်းသားဘ၀ရောက်တော့ဘေးအိမ်မှအဘဦးတင်ဝင်းကကျွန်တော်ကို
ပြောဘူးသည်။
          “မင်းအဖေရဲ့စာပေသြဇာနဲ့ရိုးဂုဏ်ကိုမှီတဲ့သူရပ်ကွက်ထဲမှာမမြင်သေးဘူးကွ။မင်းလည်း
မင်းအဖေလိုဖြစ်အောင်ကြိုးစား”
          အဖေအကြောင်းကိုအဖေနှင့်အနီးကပ်နေသောကျွန်တော်အသိဆုံးဖြစ်သည်မို့အဘတင်ဝင်း
စကားကိုပြန်လည်မတုံ့ပြန်ဘဲနားထောင်ရုံသာနားထောင်ခဲ့သည်။

                              xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

       ကျွန်တော်ဆယ်တန်းဖြေအပြီးကျောင်းပိတ်တော့ အဖေက ဆုတောင်းပြည့်ဓမ္မာရုံလေးထဲမှာ
အဘိဓမ္မာသင်တန်းဖွင့်သည်။သင်တန်းတက်ရောက်သူတွေကကျွန်တော်နှင့်ပါဆိုလျှင်အယောက်
ငါးဆယ်ဝန်းကျင်ရှိမည်ထင်ပါသည်။
          သင်တန်းပထမနေ့စဖွင့်တော့ဆရာဇော်ဂျီ၏ “ သင်သေသွားသော် “ကဗျာကိုချဉ်းကပ်နည်း
အမျိုးမျိုးဖြင့်ချဉ်းကပ်ပြသည်။ဆရာ၏အာဘော်ကိုလည်းရှင်းပြသည်။
          “ဆရာက ပထမပိုဒ်ကို သံဝေဂနဲ့စဖွင့်ပြတာကွ။သံဝေဂဆိုတာကလည်းဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ
တို့ကထိတ်လန့်တာကိုပြောတာ”
          ကျွန်တော်နှင့်တကွသင်တန်းသူသင်တန်းသားအားလုံးတို့၏အရွယ်ကိုသုံးပိုင်းပိုင်းလိုက်ပါက
ပထမအရွယ်မှာပင်အဖေ့ကျေးဇူးကြောင့်သံဝေဂကိုထင်းထင်းကြီးမြင်ခဲ့ရသည်။
          “ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်စာပေကိုလည်းတိုးတက်အောင်ဆောင်ရွက်ရမယ်ဆိုပြီး ဆရာက
မသေခင်လုပ်ရမယ့်အလုပ်ကိုဒုတိယပိုဒ်မှာပြသွားတာ။မင်းတို့..ဆရာရဲ့စကားနားထောင်ကြ။ဒီကဗျာ
တစ်ပိုဒ်ကိုသေသေချာချာတွေးရင် မျိုးစောင့်ဥပဒေပေါ့ကွာ ။မဖြစ်မနေလိုက်နာကြ။”  
          ကျွန်တော်သည်အဖေ၏သားအဖြစ်ဖြင့်၎င်း၊တပည့်အဖြစ်ဖြင့်၎င်းဖြစ်ခွင့်ရသည်မှာကံကောင်း
ပါသည်။အခြားတပည့်များလည်းကျွန်တော်နည်းတူဖြစ်ပါလိမ့်မည်။အဖေ၏ကျေးဇူးကြောင့်နိုင်ငံတော်က
တရားဝင်ပြဌာန်းမထားသောမျိုးစောင့်ဥပဒေကိုဆရာဇော်ဂျီ၏ကဗျာထဲမှတွေ့ခဲ့ရသည်။
          “အောက်ဆုံးအပိုဒ်ကတော့သာသနိကအဆောက်အဦးတွေ၊ဘုရားပုထိုး၊ကျောင်းကန်၊စေတီ၊
ဇရပ်တွေကို်ပြုပြင်ထိန်းသိမ်းရမယ်ဆိုပြီးရုပ်ဝတ္ထုပိုင်းတိုးတက်ဖို့ပြောသွားတာ၊အဇ္ဈတ္တပိုင်းကြည့်ရင်
လည်းမင်း၊အမတ်ကစလို့တိုင်းသူပြည်သားတွေအားလုံးကိုယ်ကျင့်သီလမြဲပြီးအချင်းချင်းရန်မဖြစ်ကြဖို့
မေတ္တာတရား၊ကရုဏာတရားတွေပွားပြီးဗြဟ္မစိုရ်တရားနဲ့အညီနေဖို့ပြောသွားတာကွ။လိုက်နာကြ”
          အဖေသည်အဘိဓမ္မာသင်တန်းဖွင့်ပွဲကိုဆရာဇော်ဂျီ ၏ကဗျာတစ်ပုဒ်ဖြင့်ဖွင့်လှစ်လိုက်သည်။
ထိုနေ့က အဖေသည်ကျွန်တော်တို့၏ဦးနှောက်ထဲသို့မြန်မာနိုင်ငံမြေပုံတစ်ပုံစီထိုးထည့်လိုက်သည်ဟု
ထင်မိပါသည်။

                                 xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

       .ဆုတောင်းပြည့်ဘုရားအရှေ့ဘက်ရှိညောင်ပင်ကြီးက၀န်းဝိုင်း၍ဖားဖားကြီးဖြစ်နေပြီ။ညောင်ပင်
ပေါ်ကဇရက်၊ကျီး၊ငှက်စသောငှက်မျိုးစုံတို့ကညောင်သီးတွေကိုကိုက်ဖဲ့စားသုံးခြွေချနေသည်။ဒီမြင်ကွင်း
တွေမြင်တိုင်းကျွန်တော်ရင်ထဲက၀မ်းမြောက်ခြင်းတွေလျှံကျတတ်သည်။ပြီးတော့အဖေ့ကိုလည်း
တမ်းတမိသည်။
    ညောင်ပင်၏သက်တမ်းကနှစ်နှစ်ဆယ်ကျော်ထဲရောက်နေပြီဖြစ်သည်။ထိုညောင်ပင်ကိုလည်းအဖေ
စိုက်ခိုင်းခြင်းကြောင့်ကျွန်တော်စိုက်ဖြစ်ခဲ့သည်။ကျွန်တော်စိတ်ကူးနှင့်ကျွန်တော်စိုက်သည်မဟုတ်။
အဖေကအဘိဓမ္မာသင်တန်းပျက်ကွက်၍အပြစ်ပေးခြင်းဖြစ်သည်။
          “မင်းမနေ့ကဘာလို့သင်တန်းမတက်တာလဲ”
          “ကျွန်တော်သူငယ်ချင်းဒုလ္လဘရဟန်းဝတ်မှာမို့ဆရာတော်လိုက်လျှောက်ပေးလို့ပါ..။လမ်းမှာ
တွေ့တွေ့ချင်းခေါ်သွားတာမို့အဖေ့ကိုမပြောဖြစ်တာပါ။”
          မေး၍သာဖြေလိုက်ရသည်။အဖေကသူ၏သင်တန်းပျက်ကွက်လျှင်ကြိုက်သူမဟုတ်။   
          နောက်တစ်နေ့သင်တန်းချိန်ပြီးတော့အတန်းသားတွေကြားထဲမှာအဖေကကျွန်တော့်ကိုပြော
သည်။
          “ဇာနည်ထွန်း..မင်းမပြန်သေးနဲ့ဦး။မင်းမှာအပြစ်ရှိတယ် “ဆို၍သစ်ပင်တစ်ပင်တူးခဲ့ခိုင်းသည်။
ကျွန်တော်လိုက်ရှာတော့ဘုရားအနောက်ဘက်ကန်ဘောင်ပေါ်ကပေါက်ခါစညောင်ပင်တစ်ပင်တူးခဲ့၍
အဖေ့ကိုပေးသည်။
           “ဒီနေရာမှာ စိုက် ”ဟုပြောရင်းအဖေကလက်ညှိုးညွှန်ပြသည်။ကျွန်တော်တွင်းတူးပြီးသစ်ပင်
စိုက်တော့အဖေက ဆုံးမစကားပြောသည်။
         “လူဆိုတာ..သစ်ပင်လိုကျင့်ရတယ်ကွ..သစ်ပင်ဆိုတာသူသီးတဲ့အသီးသူပြန်မစားဘူး..သူ
က သူများစားဖို့သီးပေးတာ..မင်းလည်းသစ်ပင်လိုကျင့်ပေါ့ကွာ”
            အဖေ့စကားတွေကကျွန်တော့်ဘ၀အတွက်အားဖြစ်စေခဲ့သည်။အတ္တအစိုင်အခဲတွေကိုဖဲ့ချနိုင်
ခဲ့သည်။အဖေ့စကားလုံးတို့ဖြင့်ဖြူစင်စွာကြီးပြင်းခဲ့ရသည့်ကျွန်တော့်ဘ၀ကသေသပ်တိကျလှပခဲ့သည်။

                     xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

           လပြည့်ညတစ်ည၏လရောင်ကအမေ့မျက်နှာနှင့်အပြိုင်ချမ်းအေးဝင်းမွတ်နေသည်။နယုန်
လပြည်နေ့သည်ကျွန်တော်တို့မောင်နှမအားလုံး၏တွေ့ဆုံပွဲနေ့ဟုလည်းဆိုနိုင်ပါသည်။
          “သားကြီး..ဘုရားရောက်ခဲ့ပြီလား”
          “ရောက်ခဲ့ပြီးပါပြီ..အမေ”
          “သားကိုထမင်းစားဖို့စောင့်နေတာ”
          ကျွန်တော်ထမင်းစားစားပွဲမှာဝင်ထိုင်လိုက်တော့အရင်အတိုင်းမိသားစုခြောက်ယောက်။
သို့သော်..တစ်ခုတော့ပြောင်းလည်းသွားသည်။အရင်အဖေထိုင်ခဲ့သည့်နေရာမှာကျွန်တော်ထိုင်ပြီး
ကျွန်တော်နေရာမှာအမကြီး၏သားကထိုင်သည်။အဖေရှိစဉ်ကတည်းကသားသမီးများအတွက်အမွေ
ကိုထမင်းဝိုင်းလေးမှာဘဲအမေ့ဆန္ဒဖြင့်အေးအေးဆေးဆေးကျင်းပခဲ့သည်။အမေပြောသည့်စကားကို
လည်းမှတ်မိသေးသည်။အလွန်ရိုးအေးပြတ်သားလွန်းတဲ့..အမေ။
             “ကျွန်မသက်သောင့်သက်သာသေချင်တယ်..ကိုလှထွန်း”
သားသမီးတွေကိုမသေခင်အမွေခွဲပေးချင်တယ်ဟုအမေကပြောတော့အဖေကပြုံးစိစိနှင့်စကား
တစ်ခွန်းသာပြောသည်။
          “သားသုံးယောက်ကိုပိုက်ဆံနှစ်ရာဆီပေးပြီးအခန်းပြည့်အောင်ဖြည့်ခိုင်းတဲ့ပုံပြင်ထဲကလို
ပေါ့ကွာ။ပညာရှိတဲ့သူကတော့ဖယောင်းတိုင်နဲ့မီးခြစ်ဝယ်ပြီးထွန်းပြလိုက်တာပဲ။မင်းတို့လည်းယူတတ်
သလိုယူပေါ့။မိဘအမွေဆိုတာထိုက်သူမှရတာ”
          အမေကပဲကမကထလုပ်၍ခွဲပေးသည်။အမကြီးတို့မိသားစုကစီးပွားဥစ္စာချို့တဲ့သောကြောင့်
အတွင်းပစ္စည်းတွေအားလုံးယူရန်သဘောတူကြသည်။အမငယ်ကတော့ရာထူးရောဥစ္စာပါချို့တဲ့သူ
မဟုတ်၍ပေးစရာမလို။သို့သော်..အမငယ်သားအကြီးကောင်ကလိုချင်သည်ဆို၍လက်ရာမြောက်လွန်း
သည့်နှစ်ပါးသွားကကွက်ပန်းချီကားတစ်ချပ်ယူသွားသည်။အငယ်ဆုံးသားကိုတော့အမေကအိမ်နှင့်ဝိုင်း
ပေးလိုက်သည်။ကျွန်တော်ကတော့ထိုအချိန်တွင်လူပျိုလူလွတ်အရာရှိတစ်ယောက်ဖြစ်နေ၍ဘာမျှ
မရလိုက်။ကျွန်တော်ကလည်းမလိုချင်။ပေးရင်လည်းငြင်းမည်သာဖြစ်သည်။
          ထိုနေ့ကအမေဆန္ဒနှင့်ထပ်တူကျသောအမွေခွဲဝေပွဲလေးကငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားသည်။
အမေသည်လည်း အဖေကိုအိမ်ဦးနတ်အဖြစ် ကိုးကွယ်ခွင့်ရသည့်အတွက်နောက်ဆုံးထွက်သက်ထိ
ကျေနပ်နေမည်ထင်ပါသည်။  
                          
                                   Xxxxxxxxxxxxxxxxxxxxxxxxxxxxxx

          ဘုရားပွဲပြီးပြီဆိုလျှင်ကျွန်တော်တာဝန်ကျရာအရပ်သို့ပြန်ရသည်။ကြာကြာနေချင်သော်
လည်းခွင့်ရက်များများမရ။
          ကျွန်တော်ပြန်မည့်နေ့တိုင်းဆုတောင်းပြည့်ဘုရားသွားကန်တော့သည်။ညောင်ပင်ကြီးကို
အလွမ်းပြေနှုတ်ဆက်သည်။အဖေ၏ကျေးဇူးတရားကိုလည်းဦးခိုက်သည်။
          “ဟေ့..ဇာနည်ထွန်း..ဒီနေ့ပြန်မှာလား”
          အသံလာရာလှည့်ကြည့်တော့မငြိမ်းလှဖြစ်နေသည်။
          “ဟုတ်ကဲ့..မငြိမ်းလှ”
          “ညောင်ပင်ကြီးကတော့ဟန်ကျသဟေ့။နင့်အဖေရှိတုန်းကဆိုညောင်ပင်အောက်ကနေပြီး
ရေခပ်လာတဲ့လူတွေကို..ဒါ..ငါ့သားစိုက်ခဲ့တဲ့သစ်ပင်လို့ပြောပြောပြီးနှုတ်ဆက်တာတော့”
          ကျွန်တော်..မငြိမ်းလှစကားကြား၍အံ့သြခြင်းများစွာဖြင့်ဝမ်းနည်းဝမ်းသာဖြစ်မိသည်။
          “ခဏနေရင် ရပ်ကွက်ထဲကလူတွေဒီအပင်အောက်ညောင်ရိပ်လှုံလာတော့မှာ”
          “ဘာဖြစ်လို့လဲဗျ”
          “အခုနောက်ပိုင်းနွေရာသီရောက်ရင်အရင်ကထက်ပိုပူလာတယ်လေ။အသက်ကြီးတဲ့သူတွေနဲ့
ကလေးအမေတွေဆိုရင်ရပ်ကွက်ထဲမှာပူလို့မနေနိုင်ဘူး”
          ကျွန်တော်မငြိမ်းလှကိုနှုတ်ဆက်အပြီးညောင်ပင်အောက်ကအထွက်ငှက်ဆိတ်ရာထင်နေသော
ညောင်သီးမှည့်ကရှေ့တည့်တည့်ကြွေကျသည်။အပင်ပေါ်မော့ကြည့်တော့ငှက်ပေါင်းစုံအကောင်လေး
ငါးရာတော့ရှိမည်။သို့သော်..ကျွန်တော်မရောင့်ရဲနိုင်ပါ။ငှက်တစ်သောင်းလောက်တော့ကျွန်တော့်
သစ်ပင်မှာနားစေချင်သည်။
          မငြိမ်းလှပြောသွားသည့်စကားထဲမှစကားအပိုင်းအစတစ်ခုကနားထဲကမထွက်..။
          “ညောင်ရိပ်လှုံ”တဲ့..။
                 
                                Xxxxxxxxxxxxxxxxxxxxxxxxxxxxxx

                       နှုတ်ခွန်းဆက်သပါ၏ဟူသောမြို့ထွက်ဆိုင်းဘုတ်လေးမြင်တော့ရင်မှာနာကျင်ရသည်။
ကျွန်တော်လည်းကျွန်တော့်ဆန္ဒကိုဖော်ထုတ်ရဦးမည်။ကျွန်တော်သည်ယခုအချိန်တွင်ဖခင်တစ်ယောက်
ဖြစ်နေပြီ။ကျွန်တော်၏သားသမီးများကိုလည်းသံသရာထိသယ်ဆောင်နိုင်သောအမွေအဖြစ်သစ်ပင်
တစ်ပင်နှင့်ကဗျာတစ်ပုဒ်လောက်တော့ပေးခဲ့ချင်ပါသည်။
                                                                                   
                                                                          မောင်ခန့်မြေ (ထီလာ)

picoodle.com

အလွမ်းသင့်စကားလုံးလေးများ

ကဗျာနှင့်အိပ်မက်ထဲလမ်းလျှောက်ကျင့်တဲ့ကျွန်တော်ကအိပ်မက်ထဲလမ်းလျှောက်ကျင့်ဖို့ကဗျာနှင့်အတူကြိုဆိုပါတယ်။အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့်ခမ်းနားတောက်ပတဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ..။

About Me

My Photo
Mg Khant Myay (Htila)
View my complete profile

Followers

အလွမ်းသင့်ရှိုက်သံ

Myanmar Calendar





Pages

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "